သထုံ၊ မတ် ၅
ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေမှာ ဘာသာရေးကျောင်းဆောင်အဆောက်အဦတွေနဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်က လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပိုမိုပစ်မှတ်ထား တိုက်ခိုက်လာတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
KNU ဗဟိုရဲ့ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ဝါချဲကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းဝင်းထဲက ဓမ္မာရုံ၊ သိမ်ကျောင်းနဲ့ စောင်းတန်းတွေ ထိမှန်ပျက်စီးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း KNU ကျောက်ကြီးမြို့နယ် ဖျံတလင်းကျေးရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့လာရောက်ပစ်ချခဲ့တဲ့အတွက် ကျေးရွာစာသင်ကျောင်း နှစ်ကျောင်းနဲ့အတူ ရေစင်၊ ခန်းမဆောင် စတိုဆောင်တို့ ထိမှန်ပျက်စီးခဲ့တာပါ။
အဲဒီနေ့မှာပဲ KNU ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်ရှိ မောထီးကျေးရွာနဲ့ ပန်းအောင်ကျေးရွာတို့ကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး ရဟန်းသံဃာကိုရင်တွေအပါအဝင် အရပ်သား ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ပြောဆိုထားပါတယ်။
အခုလ မတ် ၁ ရက်နေ့ မနက်အစောပိုင်းကလည်း KNU သထုံခရိုင် ဖားအံမြို့နယ် မဲသနကျေးရွာနဲ့ ထီးကျော်ခီးကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာရောက်ကြဲချခဲ့တဲ့အတွက် ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အဦးတွေ၊ စာသင်ကျောင်းတွေ၊ ပြည်သူ့ဆေးရုံဆေးခန်းတွေနဲ့ အရပ်သားပြည်သူနေထိုင်တဲ့ နေရာတွေကို စစ်ကောင်စီတပ်က ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲပစ်ခတ်မှုတွေကြောင့် သံဃာတွေအပါအဝင် ပြည်သူတွေ ထိမှန်ခဲ့တဲ့အပြင် ဘာသာရေးအဆောက်အဦးနဲ့ ပြည်သူပိုင်အိုးအိမ်တွေ ထိမှန်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ KNU ဗဟိုက ဆိုပါတယ်။
KNU နယ်မြေထဲ ဘာသာရေးကျောင်းဆောင် အဆောက်အဦးတွေ၊ စာသင်ကျောင်းဆောင်တွေနဲ့ လူနေအိမ်တွေအပေါ် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေယာဉ်၊ ဒရုန်းစတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတာနဲ့ ပတ်သက်ပြီး KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက အခုလိုပဲ ပြောပါတယ်။
“ကြွက်မနိုင်တော့ စပါးကျီမီးရှို့ပေါ့နော်။ ပြောချင်တာကတော့ တော်လှန်ရေးအစုအဖွဲ့တွေကို မနိုင်တော့တဲ့အခါကျတော့ တော်လှန်ရေးအစုအဖွဲ့ကို ထောက်ခံအားပေးတဲ့ ပြည်သူကိုပေါ့နော်၊ ဒုက္ခပေးဖို့ဆိုတဲ့ အာဏာရှင်သို့မဟုတ် ဖက်ဆစ်ပေါ့နော်။ ဖက်ဆစ်ရဲ့ အတွေးအခေါ်အယူအဆနဲ့ လုပ် ရပ်တွေပဲလို့ အဲဒီလိုပဲမြင်ပါတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတွေအပါအဝင် ပြည်သူတွေရဲ့ ဥယျာဉ်ခြံမြေတွေနဲ့ နေထိုင်ရာဒေသတွေထဲမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကျောင်းသားကျောင်းသူတွေ ကျောင်းမတက်ရဲကြတော့သလို ပြည်သူတွေလည်း လုပ်ငန်း ခွင်ထဲ မသွားရဲကြတော့ဘဲ စားဝတ်နေရး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ KNU ဗဟိုကလည်း ထုတ်ပြန်ပြောဆိုထားပါတယ်။
ဘာသာရေးအဆောက်အဦတွေနဲ့ စာသင်ကျောင်းတွေဟာ ပြည်သူလူထုအတွက် ခိုကိုးရာ ခိုလှုံရာနေရာတွေဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဟာ ပြည်သူလူထုအပေါ် ပိုမို ပစ်မှတ်ထားတိုက်ခိုက်နေသလို ပြည်သူလူထုဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ကျောထောက်နောက်ခံအ ဖြစ် စစ်ကောင်စီကမြင်တဲ့အတွက် ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ညွှန်ကြားရေးမှူး စောအဲ့ဘတ်က ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ နေရာအတိအကျကို မသိရှိတဲ့အတွက် ပြည်သူလူထုအပေါ် ပြန်လည်ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေပြီး ပြည်သူတွေကို အကြောက်တရားနဲ့ ဖိနှိပ်တာတွေလည်း ပါဝင်တယ်လို့ စောအဲဘတ်က သုံးသပ်ပြောကြားထားပါတယ်။
“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်တုံ့ပြန်ဖို့ဆိုတဲ့နေရာမှာ နေရာအတိအကျမရှိတဲ့အခါကျတော့ ပြည်သူတွေကို ပိုပြီးပစ်မှတ်ထားပြီးတော့ လက်တုံ့ပြန်မှုတွေလုပ်တယ်။ နောက်စာသင်ကျောင်းတွေကို သူတို့ပစ်မှတ်ထားတယ်ဆိုတာကလည်း စာသင်ကျောင်းဆိုတာကတိုင်းရင်း သားတွေ တိုးတက်ရာတိုးတက်ကြောင်း နေရာတွေလည်းဖြစ်တယ်။ ကလေးတွေပညာသင်တဲ့ နေ ရာတွေလည်းဖြစ်တယ်ဆိုတော့ ဒီလိုလုပ်ခြင်းအားဖြင့်လည်း ကြောက်ပြီးတော့မှ ဆက်ပြီးတော့မပုန်ကန်မတော်လှန်အောင် လုပ်တာလည်းဖြစ်နိုင်သလို နောက်တစ်ခုက တိုင်းရင်းလူမျိုးတွေရဲ့ အ နာဂတ်ပျောက်အောင် အနာဂတ်မဲ့သွားအောင် လုပ်တဲ့အဓိပ္ပါယ်လည်းသက်ရောက်တယ်လို့ ယူဆတယ်ပေါ့” လို့ သူကဆိုပါတယ်။
စစ်ကောင်စီတပ်က စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို ပစ်မှတ်ထားပြီး မ ကြာခဏ လေကြောင်းတိုက်ခိုက်မှု ဒရုန်းဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိတဲ့အတွက် ဒေသခံရွာသူရွာသားတွေဟာ သူတို့ရဲ့ကလေးကို စာသင်ကျောင်းထဲ မပို့ရဲကြတော့ဘူးလို့ ကရင်လူ့အခွင့်အ ရေးအဖွဲ့ KHRG က ထုတ်ပြန်ထားတဲ့အစီရင်ခံစာတစ်ခုမှာ ဆိုထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လေယာဉ်နဲ့ ဒရုန်းတိုက်ခိုက်တာတွေကြောင့် KNU နယ်မြေထဲ စစ်ဘေးရှောင်ဦးရေ တိုးများလာနေပြီး အခုလတွေထဲမှာ KNU တပ်မဟာ ၇ နယ်မြေ ဖားအံခရိုင် လှိုင်းဘွဲမြို့နယ် ကလေးဖိုးကလိုးကျေးရွာက ဒေသခံပြည်သူ ၅၀၀ ကျော် ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို KNU သထုံခရိုင် ဖားအံမြို့နယ် ဝဲပျံကျေးရွာထဲက ဒေသခံ ၁၀၀၀ နီးပါး မြိုင်ကြီးငူဒေသထဲကို ထွက်ပြေးရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG