မော်လမြိုင် ၊ မတ် ၂
လာမယ့် မတ်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၅၁ နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ညွှန်ကြားလာတာပါ။
မွန်ပြည်နယ်နေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ် အစိုးရရုံးမှာ ပြုလုပ်တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ညွှန်ကြားလာပါတယ်။
ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်နေ့ အခမ်းအနားမှာ မွန်တိုင်းရင်းသား ရိုးရာအကအလှတွေ၊ တိုင်းရင်းသားတွေရဲ့ ရိုးရာအကအလှတွေအပြင် ဌာနဆိုင်ရာ ပြခန်းတွေနဲ့ MSME ထုတ်ကုန် အရောင်းပြခန်းတွေပါ ဖွင့်လှစ်သွားဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနဲ့ ဝန်ဆောင်မှုကဏ္ဍအလိုက် ခင်းကျင်းပြသဖို့နဲ့ ပြည်နယ်အတွင်းက မြို့နယ်အသီးသီးရှိ ထုတ်ကုန်တွေကိုလည်း ပြသနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ် MSDF ပြောခွင့်ရ ဒေါက်တာသီရိမွန်ချမ်းကတော့ မွန်ပြည်နယ်နေ့ အ ခမ်းအနားမှာ ဒေသတွင်းအေးချမ်းနေတဲ့ပုံစံမျိုး ဟန်ပြကျင်းပတာဖြစ်ပြီး အဲဒီအခမ်းအနားမှာ စစ်ကောင်စီအနေနဲ့ ဖောက်ခွဲမှုတွေပြုလုပ်ကာ တော်လှန်ရေးအဖွဲ့တွေ အတာချနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ သတိထားဖို့ တိုက်တွန်းပါတယ်။
“စစ်ကောင်စီ ခန့်ထားတဲ့ ပြည်နယ်ဝန်ကြီးချုပ်က အဓိကမော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့နယ်လောက်မှာပဲ ငြိမ်းချမ်းနေသယောင်ယောင် အခမ်းအနားတွေနဲ့ ဟန်ပြကျင်းပနိုင်တာပါ။ ဟန်ပြအခမ်းအနားတွေမှာ ဖောက်ခွဲမှုတစ်စုံတစ်ရာ ပြုလုပ်ပြီး တော်လှန်ရေးအဖွဲ့တွေကို အတာချဝါဒ ဖြန့်မှုတွေ လုပ်လာနိုင်ပါတယ်။ စကစ ဒေါက်တိုင်တွေက ဒီလိုမျိုး ယုတ်မာတဲ့အကျင့်စရိုက်တွေနဲ့ လုပ်လာနိုင်တဲ့အတွက် မိမိတို့ မွန်ပြည်နယ်သူ မွန်ပြည်နယ်သားတွေ မိမိတို့အသက်အန္တရာယ်အ တွက် သတိထားကြပါလို့ တိုက်တွန်းချင်ပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ဝါဒဖြန့်ဖို့အတွက် ငြိမ်းချမ်းစည်ကားနေသယောင် ပြုလုပ်မယ့် အခမ်းအ နားကို ပြည်သူတွေအနေနဲ့ မပူးပေါင်းဖို့လိုသလို အခမ်းအနားကိုအသုံးချပြီး လူငယ်တွေကို ဖမ်းဆီး ကာ စစ်မှုထမ်းစုဆောင်းနိုင်တယ်လို့ ဒေါက်တာသီရိမွန်ချမ်းက သတိပေးတာပါ။
မွန်ပြည်နယ်နေ့ အခမ်းအနားကိုတော့ မော်လမြိုင်မြို့ မွန်ပြည်နယ်လွှတ်တော်ဘေးရှိ သမိန်ဗရမ်း ဘက်စုံသုံးကွင်းမှာ ပြုလုပ်သွားဖို့ စီစဉ်ထားသလို အခမ်းအနား ကျင်းပနိုင်ရေးအတွက် ကော်မတီအသီးသီး ဖွဲ့စည်းတာဝန်ပေးအပ်ထားပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ်က ကျရောက်တဲ့ နှစ် ၅၀ ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အကြောင်းပြပြီး လောင်းကစားဝိုင်းတွေ အကြီးအကျယ် ပြုလုပ်ခွင့်ပေးအပ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေရှိနေခဲ့တာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI