ပုလော၊ မတ် ၁

တနင်္သာရီတိုင်း ပုလောမြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ သားဖြစ်သူ စာတိုက်စာရေးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်မှာ ပုလောမြို့ အမှတ် ၃ ရပ်ကွက်က အသက် ၇၄ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်နဲ့ အသက် ၄၁ နှစ်အရွယ် သားဖြစ်သူ စာတိုက်စာရေး ဦးဝင်းမင်းထွန်းတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက နေအိမ်မှာ သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့တာပါ။

အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေး ဦးထွန်းမြင့်ဟာ စစ်အာဏာသိမ်းပြီးအချိန်မှာ CDM တွေနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးရာမှာ စစ်ကောင်စီနဲ့ ပူပေါင်းဆောင်ရွက်တာ၊ သတင်းပေးတာ၊ စစ်ကောင်စီတပ် သက်ဆိုးရှည်စေဖို့ လူငယ်လူရွယ်တွေကို စစ်မှုထမ်းရမယ်လို့ လိုက်လံခြိမ်းခြောက်ငွေညှစ်တာနဲ့ အတင်း အဓမ္မ စစ်မှုထမ်းအဖြစ် သွတ်သွင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် သားဖြစ်သူ စာတိုက်စာရေး ဦးဝင်းမင်းထွန်းဟာလည်း CDM တွေနဲ့ တော်လှန်ရေးသမားတွေရဲ့ နေအိမ်တွေကို လိုက်လံပြသတာ၊ သတင်းပေးတာနဲ့ စစ်မှုထမ်း စုဆောင်းနိုင်ရေးအတွက် အိမ်ထောင်စုစာရင်း ကောက်ယူပေးခြင်းတို့ကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အခုလို လုပ်ရပ်တွေကို မပြုလုပ်ဖို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အကြိမ်ကြိမ်သတိပေး တားမြစ်ခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းခဲ့တာ ဖြစ်တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပုလောမြို့နယ်အတွင်း ကျန်ရှိနေတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားဆက်လက် လည်ပတ်နိုငအောင် ကူညီပေးတာ၊ လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းတာတွေကို ဆက်လက်မလုပ်ဖို့ တိုက်တွန်းထားပါတယ်။

အဲဒီပစ်ခတ်မှုကို ပုလောမြို့နယ် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ရင်း ၇ ပူးပေါင်းမဟာမိတ်အဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း ပုလောမြို့နယ် အမှတ် ၅ ရပ်ကွက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကို ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.