တနင်္သာရီ၊ မတ် ၁

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မာရမ်းချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တကူကျေးရွာအုပ်စု မာရမ်းချောင်းကျေးရွာကို ဒီနေ့ မတ် ၁ ရက်နေ့ မနက် ၈ နာရီ မိနစ် ၂၀ အချိန့်ခန့်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် မာရမ်းချောင်းကျေးရွာ မြရာဘုန်ကြီးကျောင်းနဲ့ စာသင်ကျောင်းကြားရှိ ဘော်လုံးကွင်းမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းရှိ သိမ်ကျောင်းဆောင်တစ်ဆောင် ထိခိုက်ပျက်စီးခဲ့သလို အခြားကျောင်းဆောင်တွေလည်း ပျက်စီးခဲ့တယ်လို့ မာရမ်းချောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးလာကြဲတဲ့အချိန် ကျောင်းထိုင်ဆရာတော်ဟာ သိမ်ကျောင်းဆောင်ထဲမှာ မရှိဘဲ အပြင်မှာရှိနေတာကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဟာ တကူကျေးရွာအုပ်စုက ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဟာ ၅ ကြိမ်ထက်မနည်း ရှိနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း တကူကျေးရွာအုပ်စုရှိ တကူကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.