ကြာအင်းဆိပ်ကြီး၊ မတ် ၂
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က ကျေးရွာ နှစ်ရွာ တစ်ရက်တည်း လေယာဉ်နဲ့ ဗုံးကြဲခံရတာကြောင့် သံဃာတော်တွေအပါအဝင် ဒေသခံ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက မတ် ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတို့မှာ တိုက်ပွဲမရှိဘဲ ကြာအင်းဆိပ်ကြီးမြို့နယ် မောထီးကျေးရွာနဲ့ ပန်းအောင်ကျေးရွာတို့ကို ဂျက်ဖိုက်တာတိုက်လေ ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
မောထီးကျေးရွာ ဗုံးကြဲမှုမှာ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပန်းအောင်ကျေးရွာ ဗုံးကြဲမှုမှာတော့ ပန်းအောင်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် သန့်ရှင်းရေးလုပ်နေတဲ့ ကျောင်းထိုင်ဆရာတော်တစ်ပါး၊ ဦးဇင်း တစ်ပါး၊ ကိုရင်တစ်ပါးအပါအဝင် အရပ်သားပြည်သူငါးဦး ဒဏ်ရာရရှိခဲ့တာပါ။
တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအ ဆောက်အဦးတွေနဲ့ အရပ်သားပြည်သူနေထိုင်တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှု ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ် ခေါကလားကျေးရွာ လေယာဉ်နဲ့ဗုံးကြဲခံရတာကြောင့် ဒေသခံပြည်သူလေးဦး ထိမှန်ဒဏ်ရာရပြီး နေအိမ်သုံးလုံး ထိခိုက်ပျက်စီးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU