မော်စကို၊ ဖေဖော်ဝါရီ ၂၈
ရုရှားနဲ့ အမေရိကန်ကြား ဖြစ်လာနိုင်တဲ့ ပြန်လည်ချဉ်းကပ်မှုကို ဖျက်လိုဖျက်စီး မလုပ်ဖို့ အနောက်တိုင်း ထိပ်တန်းနိုင်ငံတွေကို သမ္မတ ဗလာဒီမာ ပူတင်က ဖေဖော်ဝါရီ ၂၇ ရက်မှာ သတိပေးလိုက်ပြီး အဲဒီလို ကြိုးပမ်းမှုတွေအတွက် မော်စကိုက သံတမန်ရေး ထောက်လှမ်းရေးဌာနတွေကို အသုံးချပြီး တားဆီးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
မော်စကိုနဲ့ ဝါရှင်တန်ကြား ဆက်ဆံရေး ပြန်လည် အားကောင်းအောင် ကြိုးပမ်းမှုဟာ စောစောပိုင်း အခြေအနေမှာ ရှိနေသေးပေမယ့် အခြေအနေ တိုးတက်မှု ရှိတယ်လို့ သမ္မတ ပူတင်က တချိန်တုန်းက သူဦးဆောင်ခဲ့တဲ့ ဆိုဗီယက်ခေတ် KGB အေဂျင်စီနေရာအား အစားထိုး ယူထားတဲ့ ရုရှား FSB လုံခြုံရေးဌာနကို ရှင်းလင်း ပြောကြားထားပါတယ်။

အမေရိကန် အစိုးရသစ်နဲ့ ပထမဆုံး ဆက်သွယ်မှုတွေကြောင့် မျှော်လင့်ချက် တချို့ ထွက်ပေါ်စေခဲ့ပြီး ကမ္ဘာမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းရေး နှစ်နိုင်ငံအစိုးရ ဆက်ဆံရေး ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်ဖို့ အပြန်အလှန် စိတ်ထားတွေ ရှိနေတယ်လို့ ပူတင်က ပြောဆိုထားတာပါ။
ဒါပေမဲ့ ကမ္ဘာအကြီးမားဆုံး နျူကလီးယား အင်အားကြီး နှစ်နိုင်ငံကြား ဆက်ဆံရေး နွေးထွေးအောင် လုပ်ဆောင်နေတာကို နိုင်ငံအားလုံးက သဘောမကျဘူးဆိုတာ ရှင်းနေတယ်လို့ ပူတင်က ပြောဆိုပါတယ်။
အနောက်တိုင်း ထိပ်တန်းနိုင်ငံ တချို့က အမေရိကန်-ရုရှား ဆက်ဆံရေး ပြန်လည်စတင်တာကို မလိုလားကြဘဲ စတင်ပြီး ဖြစ်တဲ့ ဆွေးနွေးမှုတွေ အနှောင့်အယှက် ဖြစ်အောင် အဲဒီ အင်အားစုတွေက ကြိုးပမ်းနေကြတယ်လို့ ပူတင်က ပြောပါတယ်။

သူက ဘယ်နိုင်ငံက ဖျက်လိုဖျက်စီး လုပ်နေတယ်လို့ အမည်တပ် မပြောပေမယ့် ဥရောပသမဂ္ဂ (အီးယူ)နဲ့ ဗြိတိန်ကို ဆိုလိုပုံရပါတယ်။
ရုရှားနဲ့ယူကရိန်းကြား သဘောတူညီမှုရရှိခဲ့ရင် လုံခြုံရေးအာမခံချက် ပေးရမှာ ဖြစ်တယ်လို့ ဥရောပက အမေရိကန်ကို ပြောထားပါတယ်။
ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်တွေ ပေးမှာ မဟုတ်သလို နေတိုးအဖွဲ့ဝင် ဖြစ်ခွင့်လည်း ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ဒီလို အနေအထားမှာ ဥရောပက ယူကရိန်းသို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ စီစဉ်နေကြပါတယ်။
အမေရိကန်ကတော့ ယူကရိန်းဆီ မြေပြင်တပ်ဖွဲ့ဝင်တွေ စေလွှတ်မှာ မဟုတ်ဘူးလို့ ပြောထားပြီး ယူကရိန်း လုံခြုံရေးအတွက် ဥရောပမှာ အဓိက တာဝန်ရှိတယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။
Ref:Reuters