ကင်ဘာရာ၊ ဖေဖော်ဝါရီ ၂၈

လေကြောင်းခရီး ၄၉ ခုထက်မနည်း လမ်းကြောင်း ပြောင်းလဲပျံသန်းခဲ့ရတဲ့ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံကြား နိုင်ငံတကာ ရေပိုင်နက်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် မိမိနိုင်ငံက တောင်းပန်ဖို့ အကြောင်းမရှိဘူးလို့ သြစတြေးလျဆိုင်ရာ တရုတ်သံအမတ်ကြီးက ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က တက်စမန်ပင်လယ်မှာ ရှားရှားပါးပါး လက်တွေ့ ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်း သြစတြေးလျနဲ့နယူးဇီလန် နှစ်နိုင်ငံစလုံးက ပြောကြားခဲ့ပြီး တရုတ် ရေတပ်အနေနဲ့ မိမိတို့ကို လုံလောက်တဲ့ အသိပေးမှု မရှိခဲ့ဘူးလို့ ပြောဆိုထားပါတယ်။

တရုတ်ရေတပ်က နိုင်ငံတကာဥပဒေတွေအတိုင်း လိုက်နာပြီး စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့တာ ဖြစ်ကြောင်းနဲ့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာပြီး ကြိုတင်အသိပေးခဲ့တယ်လို့ တရုတ်သံအမတ်ကြီး ကျာအိုကျန်းက တုံ့ပြန်ထားပါတယ်။

တရုတ် ရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှုကြောင့် အကြီးများဆုံး ကုန်သွယ်ဖက်နိုင်ငံတွေထဲကတစ်ခု ဖြစ်တဲ့ သြစတြေးလျအတွက် အန္တရာယ် မကျရောက်ခဲ့ဘဲ ကင်ဘာရာအစိုးရအနေနဲ့ အဲဒီ ဒေသအတွင်း တရုတ်သင်္ဘောတွေ ပိုမို ဖြတ်သန်းသွားလာဖို့ မျှော်လင့်ထားသင့်တယ်လို့ သံအမတ်ကြီး ကျာအို ကျန်းက ဆိုပါတယ်။

တရုတ်ရေတပ်ရဲ့ ကျည်အစစ်တွေနဲ့ ပစ်ခတ်လေ့ကျင့်တဲ့ စစ်ရေးလေ့ကျင့်မှုကို သြစတြေးလျ ကာကွယ်ရေးက မိနစ် ၃၀ ကြာပြီးမှ သိရှိခဲ့တယ်လို့ ဆိုပါတယ်။

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်ဘားနိစ်ကတော့ တရုတ်ရေတပ်ဟာ နိုင်ငံတကာရေပိုင်နက်မှာ စစ်ရေးလေ့ကျင့်ခဲ့တာ ဖြစ်ပြီး ဘယ်ပိုင်နက်ကိုမှ ချိုးဖောက်မှု မရှိခဲ့ဘူးလို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ အတိုက်အခံပါတီကတော့ သြစတြေးလျ ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို နောက်ကျမှ သိခဲ့တာက ကြီးမားတဲ့ကိစ္စ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.