ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၇

သဘာဝအရင်းအမြစ်ဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီး ဝါရှင်တန်သို့ လာရောက်ဖို့ ပြင်ဆင်နေချိန်မှာ ယူကရိန်းအတွက် အမေရိကန်ရဲ့ လုံခြုံရေးအာမခံချက်တွေနဲ့ နေတိုးအဖွဲ့ဝင် ဖြစ်ခွင့် ကမ်းလှမ်းသွားမှာ မဟုတ်ဘူးလို့ သမ္မတ ဒေါ်နယ်ထရန့် ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

သုံးနှစ်ကြာစစ်ပွဲကို အလျင်အမြန် အဆုံးသတ်ဖို့ ကြိုးစားရင်း ရုရှားနဲ့ ဆက်သွယ်ပြီး အမေရိကန် မူဝါဒကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့ သမ္မတ ထရန့်က ယူကရိန်း လုံခြုံရေးအတွက် ဥရောပမဟာမိတ်တွေက တာဝန် ယူသင့်တယ်လို့ ပြောပါတယ်။

လေကြောင်းနဲ့ တခြား နည်းပညာတွေမှာ အသုံးပြုတဲ့ မြေရှားသတ္တုတွေ လွှဲပြောင်းပေးရေး အမေရိကန်က အပြင်းအထန် ဖိအားပေးခဲ့ပြီးနောက် သမ္မတ ဇီလန်စကီးဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ ဝါရှင်တန်ကိုလာရောက်ပြီး သဘောတူညီမှု လက်မှတ်ရေးထိုးမယ်လို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ သမ္မတ ထရန့်က သတင်းထောက်တွေကို ပြောကြားထားတာပါ။

ဒီလို သဘောတူညီမှုကြောင့် မိမိတို့ ယူကရိန်းမြေပေါ်မှာ ရှိနေရမှာ ဖြစ်တဲ့အတွက် ယူကရိန်းအတွက်လည်း ကြီးကျယ်တဲ့ သဘောတူညီမှု ဖြစ်တယ်လို့ သမ္မတ ထရန့်က ပြောပါတယ်။

မြေရှားသတ္တု တူးဖော် ထုတ်ယူရေးအတွက် ယူကရိန်းမှာ အမေရိကန်တွေ ရှိနေမယ်ဆိုရင် ဘယ်သူကမှ နှောင့်ယှက်ရဲမှာ မဟုတ်တဲ့အတွက် ယူကရိန်းအတွက်လည်း လုံခြုံရေးပေးပြီးသားလို ဖြစ်နေလိမ့်မယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့် ယူကရိန်း တောင်းခံထားတဲ့ အမေရိကန်ရဲ့ တရားဝင် လုံခြုံရေးအကူအညီ ထပ်ပေးမှာ မဟုတ်ဘူးလို့ ထရန့်က ပြောဆိုလာတာပါ။

ယူကရိန်းကို ရုရှားကျူးကျော် တိုက်ခိုက်ရတဲ့ အကြောင်းရင်းတွေထဲမှာ ယူကရိန်း နေတိုးအဖွဲ့ဝင် ဖြစ်ရေး ကြိုးပမ်းမှုလည်း ပါဝင်နေတာကြောင့် စစ်ပွဲ အဆုံးသတ်ဖို့ဆိုရင် ယူကရိန်းအနေနဲ့ နေတိုး အဖွဲ့ဝင် ဖြစ်လို့ မရဘူးလို့ ထရန့်က ပြောပါတယ်။

မိမိတို့အနေနဲ့ ရုရှားနဲ့ သဘောတူညီမှုတစ်ခုရရှိမယ်လို့ ထင်ကြောင်းနဲ့ မိမိသာ ရွေးကောက်မခံခဲ့ရရင် သမ္မတ ပူတင်က ယူကရိန်းမှာ ဆက်လက် တိုက်ခိုက်နေဦးမှာ ဖြစ်တယ်လို့လည်း ထရန့်က ပြောပါတယ်။

သဘောတူညီမှုရရှိခဲ့ရင် ကာကွယ်ရေးအတွက် ယူကရိန်းဆီ ဥရောပ နိုင်ငံတွေက စစ်သားတွေ စေလွှတ်ဖို့ စဉ်းစားထားပေမယ့် လုံခြုံရေး အာမခံချက်နဲ့ ပတ်သက်လို့တော့ အမေရိကန်ရဲ့ ထောက်ခံ ကူညီမှု အရေးကြီးတယ်လို့ ပြင်သစ်သမ္မတ မက်ကရွန်က ပြောဆိုထားတာပါ။

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာလည်း သမ္မတ ထရန့်နဲ့ မကြာခင်တွေ့ဆုံဖို့ ရှိနေပြီး အလားတူ သတင်းစကားမျိုးပဲ ပါးလိမ့်မယ်လို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.