မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၈
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲမှာ မြေပြင်ရှုံးနိမ့်မှုတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ဝေဟင်ကနေ နည်းမျိုးစုံတိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ CDM တပ်အသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်းမှုအတွင်း တစ်နိုင်ငံလုံးနီးပါးရှိ စိုးမိုးနယ်မြေထဲက မြို့ပေါင်း ၉၅ မြို့ကို စစ်ကောင်စီ လက်လွှတ်ထားရပြီး ဒေသတွင်း လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ထိန်း ချုပ်ထားတာပါ။
မြေပြင်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်ရေးရော စိတ်ဓာတ်ရေးရာပါ အရေးနိမ့်မှုတွေ ဆက်တိုက်ကြုံနေရတဲ့အတွက် လက်လွှတ်ထားရတဲ့ နယ်မြေတွေမှာတန်ပြန်တိုက် စစ် မဆင်နိုင်သေးပါဘူး။
ဒီအတွက် လေယာဉ်အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့ စစ်ကောင်စီဟာ လက်ရှိမှာ ဒရုန်းစစ်ဆင်ရေးအပြင် Paramotor လို့ ခေါ်တဲ့ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်လာနေတာပါ။
လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက စက်တပ်လေထီးတွေကို စတင်အသုံးပြုပြီး ဗုံးကြဲတာတွေ လုပ်လာနေပြီလို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုကတော့ စက်တပ်လေထီးတွေ ကျွန်တော်တို့ဘက်ကို စပြီးသုံးနေပြီပေါ့။ ဒီနေ့မနက်လည်း စက်တပ်လေထီးနဲ့ ကြဲချသွားတာရှိတယ်ဗျ။ အခုနောက်ပိုင်းတော့ ကျွန်တော်တို့ အရင်ကထက် ဗုံးခိုကျင်းတွေ တော်တော်များများကို ပြင်ဆင်ရတာတွေရှိတယ်။ အခု စက်တပ်လေထီးကတော့ တော်တော်လေး အန္တရာယ်များတဲ့အနေအထားတော့ ရှိတယ်ဗျ။ သူကတော့ လက်ရှိ စစ်ကောင်စီဘက်က တော်တော်လေး အသုံးဝင်တယ်လို့ ပြောရမှာပေါ့။ သူတို့က ကုန်ကျစရိတ်နည်းပြီးတော့ ဒီလိုမျိုး ကြဲချတာတွေပေါ့။ ကျွန်တော်တို့ဘက်မှာ သူတို့ လေယာဉ်နဲ့လာလိုက် စက်တပ်လေထီးနဲ့ လာလိုက်တော့ ရှိတယ်ဗျ” လို့ ဆိုပါတယ်။
စက်တပ်လေထီးရဲ့ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ ဘယ်အတိုင်းအတာအထိ ပျံသန်းနိုင်တယ်ဆိုတဲ့ အ ချက်အလက်တွေကို ရရှိထားပြီး ကြိုတင်ပြင်ဆင်နိုင်ဖို့ တော်လှန်ရေးအဖွဲ့တွေကို ဖြန့်ဝေထားတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကိုင်းလိုပဲ တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ မကွေးတိုင်းမှာလည်း ဖေဖော်ဝါရီ ၂၃ ရက်နေ့က စေတုတ္တရာမြို့နယ်ရှိ မုံညှင်းကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၈ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဒီဇင်ဘာအထိ နိုင်ငံတဝန်း စစ်အုပ်စုက လူ ၅ ဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် အနည်းဆုံး ၃၅၉ ခုကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကျူးလွန်မှုတွေကြောင့် အရပ်သားပြည်သူ ၃၄၉၀ နီးပါး သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်စဉ်နဲ့ သေဆုံးမှုတွေရဲ့ ထက်ဝက်ကျော်ဟာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းဒေသမှာ ဖြစ်ပွားခဲ့တယ်လို့ အစီရင်ခံ စာက ဖော်ပြထားတာပါ။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေထဲမှာ လေကြောင်းအသုံးပြုတိုက်ခိုက်တာ၊ ဒရုန်းဗုံးကြဲချတာ၊ လက်နက်ကြီးပစ်ခတ်တာ၊စစ်ကြောင်းထိုးဝင်ရောက်စဉ် ပစ်ခတ်သတ်ဖြတ်တာနဲ့ နှစ်ဘက်တိုက်ပွဲအတွင်း သေဆုံးတာတို့ ပါဝင်ပါတယ်။
လေတပ်ကနေ တပ်ကြပ်ကြီးအဆင့် CDM ပြုလုပ်ခဲ့တဲ့ ကိုဇေယျက အုပ်ချုပ်တဲ့အဖွဲ့တွေက အ များပြည်သူ ခိုလှုံလို့ရတဲ့ ဗုံးခိုကျင်းတွေ တူးပေးရမှာဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေက ပင်မအရင်း အမြစ်တွေကို ချေမှုန်းဖို့လိုအပ်တယ်လို့ သုံးသပ်ပါတယ်။
“အဓိကတော့ စစ်ကောင်စီကို သူတို့ရဲ့ပင်မအဓိကကျတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေ လေယာဉ် ဗုံးထုတ်တဲ့ ကပစတွေ လေတပ်တွေကို အဓိကဦးတည်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ချေမှုန်းမှပဲ ဒီပြဿနာတွေက အေးမှာပေါ့။ ဘာလို့ဆို ကျွန်တော်တို့ လေကြောင်းကာကွယ်ရေးအတွက် လုပ်လာတာတွေလည်း များနေပြီဆိုတော့ စုံလည်းစုံနေပါပြီ။ ကျွန်တော်ပြောထားတဲ့ဟာတွေ အကုန် လုံးကလည်း ပြည်သူတွေ တော်လှန်ရေးတပ်ဖွဲ့တွေ အကုန်လုံးလုပ်ပြီးသားဖြစ်နေပြီ။ အဲဒီတော့ နောက်ဆုံး သူတို့ရဲ့ ပင်မအရင်းအမြစ်ကို ဖြတ်တောက်မှပဲ ဖြစ်တော့မယ်၊ ဒီလိုလုပ်မှပဲ အန္တရာယ် ကင်းမယ်လို့ ယူဆပါတယ်” လို့ ဆိုပါတယ်။
၂၀၂၃ နှောင်းပိုင်းကစပြီး စစ်တပ်အရှိုက်ကို ထိုးနှက်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင် ရေးအတွင်း ဒရုန်းအသုံးပြုတိုက်ခိုက်မှုတွေကြောင့် တပ်စခန်းတွေ ဆက်တိုက်လက်လွှတ်ခဲ့ရတယ်လို့ စစ်ကောင်စီက ဝန်ခံထားတာပါ။
ဒီအတွက် ပြောင်းလဲလာတဲ့ စစ်နည်းဗျူဟာအရ ဒရုန်းစစ်ဆင်ရေးတွေကို မဟာဗျူဟာကျကျ ကာကွယ်သွားမယ်လို့ ထုတ်ပြောခဲ့ပြီးနောက်ပိုင်း ၂၀၂၄ အစောပိုင်းကစပြီး ဝေဟင်ကနေ တန်ပြန်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။
တော်လှန်ရေးအဖွဲ့တွေလှုပ်ရှားတဲ့ နေရာတွေနဲ့ ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဒရုန်းတွေအသုံးပြုပြီး လေကြောင်းကင်းထောက်မှုတွေ လုပ်ကာ ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်လာတာပါ။
လက်ရှိမှာလည်း တိုက်လေယာဉ်တွေထက် ကုန်ကျစရိတ်များစွာသက်သာတဲ့ စက်တပ်လေထီးတွေနဲ့ ဒရုန်းစစ်ဆင်ရေးတွေကို ရှေ့တန်းစစ်မျက်နှာတွေအထိ စစ်ကောင်စီက တွင်တွင်ကျယ်ကျယ် အ သုံးပြုလာနေပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ ညောင်ကျိုးတပ်စခန်း မကျရေး လေကြောင်းပစ်ကူပေးနေတဲ့ စက်တပ်လေထီးနှစ်စီးနဲ့ ဒရုန်းလေးစီးထက်မနည်းကို AA နဲ့ ပူးပေါင်းအဖွဲ့တွေက ပစ်ချနိုင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။
ကိုဇေယျကတော့ လေယာဉ်ထက် စက်တပ်လေထီးတွေကိုသုံးဖို့ စစ်ကောင်စီက တပ်တွင်းထဲမှာ ညွန်ကြားထားပြီး အားနည်းချက်တွေလည်း များစွာရှိနေတဲ့အကြောင်း အခုလိုရှင်းပြပါတယ်။
“ဒီကောင်တွေရဲ့ အားသာချက်က အများကြီးရှိတယ်။ ဒါပေမယ့် အားနည်းချက်ကတော့ ဒီကောင်တွေက ဘာကာဗာမှမရှိဘူး။ လေယာဉ်ဆို သူ့ရဲ့ ကာဗာတွေ ရှိတယ်။ ကျွန်တော်တို့ ပစ်လို့ရှိရင် လူကို တိုက်ရိုက်မထိဘူး။ ဒီကောင်တွေက ကျွန်တော်တို့ အောက်ကနေ ရိုင်ဖယ်ကောင်းကောင်းနဲ့သာ ပြန်ပြီးပစ်နိုင်မယ်ဆိုရင် ဒီကောင်တွေ အမြင့်ကြီးကနေ Dropbomb ဗုံးကို ပစ်ချမယ်ဆိုရင်လည်း လေတိုက်နှုန်းတွေ ဘာတွေနဲ့ အဲဒီဗုံးတွေက သူတို့ လိုချင်တဲ့နေရာကို ရမှာမဟုတ်ဘူး၊လွဲမှာပဲ။ အဲဒီတော့ သူတို့ကပစ်မှတ်ကို ထိချင်ရင် အောက်ကို နှိမ့်ဆင်းရမယ်။ နှိမ့်ဆင်းချတဲ့အချိန်မှာ ကျွန်တော်တို့က ကောင်းကောင်းပစ်နိုင်မယ်ဆိုလို့ရှိရင် ဒီကောင်တွေထိမှာ။ ဘာလို့ဆို လေယာဉ်လိုမျိုး စက် သေနတ်တပ်ပြီး လိုက်ပစ်လို့လည်း သိပ်အဆင်မပြေဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ ဒရုန်းအပါအဝင် အီလက်ထရောနစ် စစ်ဆင်ရေးနဲ့ လေကြောင်းရန်ကာကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ဖို့ တရုတ်နည်းပညာကုမ္ပဏီကြီးတွေနဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးတို့ ဆွေးနွေးထားကြတာပါ။
တစ်ဘက်မှာ ဒရုန်းစစ်ဆင်ရေးအတွက် လိုအပ်တဲ့ နည်းပညာတွေနဲ့ စက်ပစ္စည်းတပ်ဆင်ရေးအ တွက် တရုတ်နိုင်ငံမှာ သင်တန်းသားစေလွှတ်တာတွေရှိသလို ဒရုန်းတပ်ဖွဲ့ ဖွဲ့တာလည်း ရှိနေတယ်လို့ CDM တပ်အသိုင်းအဝိုင်းနဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောဆိုကြပါတယ်။
စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဉ်တွေမှာ သုံးလေ့ရှိတဲ့ အပူလှိုင်းစနစ်သုံး FLIR (Forward-Looking Infrared ) နည်းပညာကို ဒရုန်းတွေမှာ ပြောင်းလဲအသုံးချလာတယ်လို့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာအချက်အလက်တွေ ပေးနေတဲ့ Janes Defense အဖွဲ့က သုံးသပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC Telegram