ဘန်ကောက် ဖေဖော်ဝါရီ ၁၈

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ထိုင်း-မြန်မာနယ်စပ် မြို့ဝတီမြို့မှာ တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ ငွေလိမ်လုပ်ငန်းတွေအားလုံးကို အခုလအတွင်း ပိတ်ပစ်မယ်လို့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောဆိုလိုက်ပါတယ်။

နောက်ပြီး BGF ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ မြဝတီမြို့က တရုတ်နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းတေွနဲ့ ငွေလိမ်ဂိုဏ်းတွေ အားလုံးကို ရှင်းထုတ်ပစ်လို့ ထိုင်းအာဏာပိုင်တွေနဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မယ်လို့လည်း သူက ကတိပေးတဲ့အကြောင်း Thai PBS သတင်းမှာ ဖော်ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ BGF ဌာနချုပ်မှာ ထိုင်းနဲ့မြန်မာ သတင်းထောက်အဖွဲ့တစ်ခုကို ပြောဆိုမှုအတွင်း ကရင်လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင် စောချစ်သူက သူက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့အတူ လက်တွဲလုပ်ဆောင်တာမျိုးမရှိခဲ့ဘဲ အဲဒီငွေလိမ်ဂိုဏ်းတွေ ရှိနေတဲ့ မြေနေရာ ငှားရမ်းခတွေကိုသာ ကောက်ခံခဲ့တာသာဖြစ်ကြောင်း ပြောဆိုပါတယ်။

ဒါ့အပြင် အဲဒီငွေလိမ်လုပ်ငန်းထဲမှာ ပါဝင်တယ်လို့ သံသယရှိသူ ၁၀၀၀ ကျော်ကိုလည်း ဖမ်းဝရမ်းထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။ မြဝတီမြို့မှာ နိုင်ငံစုံက နိုင်ငံခြားသား ၇၀၀၀၀ လောက်ရှိနေပြီး အများစုက တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီး စောချစ်သူက ထုတ်ပြောခဲ့တာပါ။

အဲဒီအချိန်မှာပဲ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ကနေ မဲဆောက်ခရိုင်ထဲကို ဖြတ်ပြီး ပို့ဆောင်လိုက်တဲ့ တရုတ်နိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေရဲ့ ပုံမှန်စစ်ဆေးတဲ့လုပ်ငန်းကို ခံယူစေခြင်းမရှိဘဲ မဲဆောက်လေဆိပ်ကနေ အထူးလေယာဉ်နဲ့ မိခင်နိုင်ငံပြန်ပို့လိုက်ပြီလို့ ထိုင်းဘက်ကလာတဲ့ သတင်းတွေမှာ ရေးပါတယ်။

Ref:ThaiPBS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.