“ဖက်ဒရယ်စနစ်ကို သွားတဲ့အခါမှာလည်း ဗဟိုအခြေပြုစဉ်းစားတဲ့ ယူဆတဲ့ ဖက်ဒရယ်စနစ်မျိုး မသွားဘဲနဲ့ ပြည်နယ်တွေကနေ အားကောင်းတဲ့ တည်ဆောက်တယ်ဆိုတဲ့ စနစ်မျိုး အတူတကွ သွားမယ်ဆိုတဲ့ စနစ်ပါပဲ” – ဦးအောင်ဆန်းမြင့် (အဖွဲ့ပြောခွင့်ရ)

တော်လှန်ရေးကာလမှ စတင်ကာ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေကို စတင်ရေးဆွဲနေပြီလို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီတွေပါတဲ့ အဖွဲ့ ၉ ဖွဲ့ကနေ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မှုကို လက်တွေ့ဖော်ဆောင်ပြီး အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေလိုမျိုး သက်ရောက်မှုရှိတဲ့ အုပ်ချုပ်ရေးစာတမ်းအဖြစ် ကျင့်သုံးသွားဖို့ ဖြစ်ပါတယ်။

အခုရေးဆွဲနေတဲ့ အုပ်ချုပ်ရေးစာတမ်း စာတမ်းက ဘယ်လိုပုံစံမျိုးလဲ။ ဘယ်သူတွေရေးဆွဲနေတာလဲ။ အဲဒီအုပ်ချုပ်ရေးစာတမ်းကို လက်တွေ့ ကျင့်သုံးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရလာနိုင်မလဲ။ တစ်ပြည်လုံး ခြုံငုံမိနိုင်တဲ့ ဥပဒေလား ဆိုတဲ့မေးခွန်းတွေရဲ့ အဖြေကို သိရနိုင်ဖို့ အဖွဲ့ ပြောခွင့်ရသူ ဦးအောင်ဆန်းမြင့်နဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။

မေး – အသွင်ကူးပြောင်းရေးကာလမှာ အုပ်ချုပ်ရေးစာတမ်းအဖြစ် သုံးမယ့် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေကို ဘယ်သူတွေက ရေးဆွဲနေတာလဲ။ ဘယ်လိုရေးဆွဲနေတာလဲ သိပါရစေ။

ဖြေ – ကျနော်တို့က ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေး Bottom-up Federalism နဲ့ သွားမယ်ဆိုတာ ကြေညာထားပြီး ဖြစ်တယ်။ ဒီ၉ ဖွဲ့ကပေါ့။

Bottom-up Federalism အတိုင်းပဲ အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ Transitional Constitution ကို အုပ်ချုပ်မှုစာတမ်း Governing Document တစ်ခုအနေနဲ့ ပြန်ရေးလိုက်တာ ဖြစ်တယ်။

Constitution လို့ ပြောလိုက်လို့ရှိရင် Constitution ရဲ့အင်္ဂါရပ်တွေလည်း အများကြီးရှိတယ်။ အသွင်ကူးပြောင်းရေးကာလမှာ အထွေထွေ ရွေးကောက်ပွဲတွေလည်း တစ်နိုင်ငံလုံးမှာ ကျင်းပနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့က Governing Document တစ်ခု ရေးမယ်ဆိုပြီး ဆွေးနွေးခဲ့ကြတာ။

ဖက်ဒရယ်အသွင်ကူပြောင်းရေးကာလအစီအမံ ဥပဒေများ Articles of Federal Transitional Arrangement -AFTA လို့ခေါ်တယ်၊ အဲဒါကို ၉ ဖွဲ့က စရေးခဲ့တယ်။

အခု ၉ ဖွဲ့တင်မကဘူး။ NUCC ငြိမ်းချမ်းရေးကာလ ဖွဲ့စည်းပုံရေးဆွဲရေးလုပ်ငန်းအဖွဲ့- TCWG နဲ့ ပေါင်းပြီး ပြန်ရေးနေတယ်။ TCWG ထဲမှာက ၉ ဖွဲ့ထဲက တချို့လည်း အဖွဲ့ဝင်ဖြစ်သလို ကိုယ်စားလှယ်တွေလည်း ပါသလို NUCC ကကိုယ်စားလှယ်တွေလည်း ပါတယ်။ အားလုံးက အတူတကွ ပေါင်းရေးနေတဲ့ သဘောပါပဲ။

မေး – အဲဒီဥပဒေကို ဘယ်တုန်းက စတင်ရေးဆွဲတာလဲ။ ဘယ်တော့လောက် ပြီးစီးမယ်လို့ မှန်းလဲ။

ဖြေ – ကျနော်တို့ကတော့ မနှစ်ကတည်းက ရေးဆွဲကြတာပါ။ အခုကတော့ ကျနော်တို့ Governing Authority အထိတော့ ပြီးပြီပေါ့။ Governing Authority ဆိုတာကတော့ ဘယ်လို ဥပဒေပြုရေးဖွဲ့စည်းမလဲ၊ ဘယ်လိုတရားစီရင်ရေးဖွဲ့စည်းမလဲ၊ ဘယ်လို အုပ်ချုပ်ရေးဖွဲ့စည်းမလဲဆိုတဲ့အဆင့်တော့ ပြီးပါပြီ။ အကုန်လုံးပြီးဖို့ကတော့ ကျနော်တို့လည်း မပြောတတ်သေးဘူး။ အွန်လိုင်းကနေပဲရေးဆွဲတာမဟုတ်ဘူး။ လူတွေ့ရေးဆွဲတာဖြစ်လို့လေ။

မဏ္ဍိုင် ၃ ရပ်မှာ ဗဟိုအခြေပြုဖက်ဒရယ်စနစ်ကို ရေးဆွဲမှာမဟုတ်ဘူးလို့ ပြောဆိုထားတော့ ဘယ်လိုပုံစံမျိုးနဲ့ ဥပဒေထဲ ထည့်ရေးဆွဲမှာလဲ။

ဖက်ဒရယ်စနစ်လို့ ပြောရင် ပြည်ထောင်စုကနေ အာဏာခွဲဝေတဲ့စနစ် ဗဟိုအခြေပြု ဖက်ဒရယ်စနစ်ပဲ။ ကျနော်တို့ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ နှစ်ပေါင်း ၇၀ ကျော် ကြီးပြင်းလာခဲ့ကြတာလေ။ ဗဟိုချုပ်ကိုင်မှုစနစ်ကနေ အာဏာရှင်တွေ ပေါ်ပေါက်လာတာပေါ့။

ဒါကြောင့်မို့လို့ ဖက်ဒရယ်စနစ်ကို သွားတဲ့အခါမှာလည်း ဗဟိုအခြေပြုစဉ်းစားတဲ့ ယူဆတဲ့ ဖက်ဒရယ်စနစ်မျိုး မသွားဘဲနဲ့ ပြည်နယ်တွေကနေ အားကောင်းတဲ့ တည်ဆောက်တယ်ဆိုတဲ့ စနစ်မျိုး အတူတကွ သွားမယ်ဆိုတဲ့ စနစ်ပါပဲ။ Bottom-up Federalism ဆိုတာ‌လေ အဲဒါလေးပါ။

မေး – ကြားကာလ အုပ်ချုပ်ရေးစာတမ်းက ပြည်ထောင်စုတစ်ခုလုံးအတွက် ခြုံငုံရေးဆွဲတာလား။

ဖြေ – AFTA ဆိုတာက တစ်နိုင်ငံလုံးအတွက် ရေးဆွဲတာလေ။

မေး – ဒီစာတမ်းကို အပြီးသတ်ရေးဆွဲပြီးရင် ဘယ်လိုအကောင်အထည်ဖော်မလဲ။ ဘယ်လို ကောင်းကျိုးတွေ ရှိလာနိုင်မလဲ။

ဖြေ – ဖွဲ့စည်းပုံအတွက်ဆို အတည်ပြုရေးနဲ့ အားလုံး ညှိနှိုင်းရေးလုပ်ငန်းစဉ်တွေ ရှိတယ်။ ကျွန်တော်တို့ ရေးဆွဲတာ ဘာကောင်းလဲဆိုတော့ အာဏာက ပြည်နယ်တွေနဲ့ ပြည်နယ်ထဲမှာ ရှိတဲ့ လူထုဆီကနေ ဆင်းသက်တာ ဖြစ်တဲ့အတွက် ပိုပြီးတော့ ပြည်ထောင်စုအစိုးရကလည်း အချုပ်အခြာအာဏာက ပိုပြီးတော့မှ မှန်တာပေါ့။

တကယ် လူထုဆီက ဆင်းလာမယ့် တကယ့် တရားဝင်ဖြစ်တာပေါ့။ ပြည်နယ်တွေ တိုင်းရင်းသားတွေမှာလည်း အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အပြည့်အဝ ရှိစေနိုင်တာပေါ့။

နောက်ပြီး ပေါ်ထွက်လာတဲ့အစိုးရအဖွဲ့ကလည်း ပြည်သူလူထုအတွက် အနီးကပ်ဆုံးအစိုးရတွေ ဖန်တီးပေးနိုင်မယ်ဆိုတဲ့ အစိုးရတွေ အများကြီးရှိလာမယ်။

မေး – ဒီစာတမ်းရေးဆွဲတဲ့အထဲမှာ မပါဝင်သေးတဲ့အဖွဲ့တွေကို ပါဝင်ဖို့ ကမ်းလှမ်းတာမျိုး ရှိနိုင်မလား။

ဖြေ – အခုကတည်းက ကျွန်တော်တို့က ၉ ဖွဲ့ပါပဲ။ ဒီထက်ကျယ်ပြန့်လာရင် ကျွန်တော်တို့ ဆွေးနွေးနေတာက တခြားအဖွဲ့အစည်းတွေလည်း ပါမယ်။ နိုင်ငံရေး အဖွဲ့အစည်းတွေလည်း ပါမယ်။ တခြားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ပြီးဆွေးနွေးတာရှိပါတယ်။

အခုက နာမည်မဖော်ကြသေးတာ အခု ၉ ဖွဲ့ပဲ ဖော်တာပေါ့။ ဒီထက်လည်း ပိုပြီး ချိတ်ဆက်ဖို့ ရှိပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.