TOPSHOT - This photo taken on January 11, 2022 shows soldiers from the Taaung National Liberation Army (TNLA), a Palaung ethnic armed group, gathering a day before they mark the 59th anniversary of the Taaung National Resistance Day in Tangyan township in Myanmar's northern Shan state. (Photo by AFP) (Photo by STR/AFP via Getty Images)

နောင်ချို ၊ ဖေဖော်ဝါရီ ၁၈

တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုအရ တအာင်းအဖွဲ့ TNLA နဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ တွေ့ ဆုံမှုမှာ အပေါ်စီးကနေဆွေးနွေးနိုင်ဖို့ စစ်ကောင်စီက စစ်ရေးအရဖိအားပေးပြီး ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ကိုယ်စားလှယ်တွေက တရုတ်အစိုးရရဲ့ စီစဉ်မှုအရ စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို ရောက်ရှိနေပြီးလို့ TNLA က အသိပေးခဲ့ပါတယ်။

အဲဒီနေ့မှာပဲ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ခမ်းကနေ လက်နက်ကြီးနဲ့ Y-12 လေယာဉ်ကို အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

တောင်ခမ်းစခန်းရှိ စစ်ကောင်စီတပ်ရင်းသုံးခုကနေ လက်နက်ကြီး အလုံးရေ ၁၃၇ လုံး ပစ်ခတ်ခဲ့တဲ့အပြင်နေ့လယ် ၂ နာရီဝန်းကျင်မှာ Y-12 လေယာဉ်နဲ့ နာဆွေကျေးရွာအတွင်း ဗုံး ၃၈ လုံးလာရောက် ကြဲချခဲ့တယ်လို့ TNLA က ဆိုပါတယ်။

TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က စစ်ကောင်စီဟာ MNDAA နဲ့သဘော တူညီချက်ရပြီးပြီမို့ ကူမင်းဆွေးနွေးပွဲမှာ အပေါ်စီးကနေ ဆွေးနွေးနိုင်တယ်လို့ သူ့ရဲ့ Facebook က နေ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ထုတ်ပြောထားတာပါ။

မြေပြင်မှာလည်း တောင်ခမ်း၊ နောင်ချို၊ သပိတ်ကျင်းဘက် ထိုးစစ်တွေ ပိုတိုးလာသလို နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်တို့မှာ တိုက်လေယာဉ်တွေ တောက်လျှောက်ပျံသန်းပြီး ဗုံးသီးတွေ ဖောဖောသီသီ ချနေတယ်လို့ ဆိုပါတယ်။

တရုတ်စီစဉ်တဲ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ မြန်မာပြည်တွင်းစစ်ပါလို့ ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပြီး အရင်းနှီးကတော့ နေ့စဉ်နဲ့အမျှကြီးနေဆဲလို့ ဖော်ပြထားတာ တွေ့ရပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်အုပ်စုဟာ စစ်ရှုံးနေလည်း ဆွေးနွေးပွဲမှာတော့ အပေါ်စီးယူပြီး ပြောဆိုတာတွေရှိမှာမို့ စစ်ရေးအရဖိနှိပ်မှုတွေ ပြင်းပြင်းထန်ထန် လုပ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

“စစ်အုပ်စုက‌တော့ သူကကျားကျားမီးယပ်ပဲ။ သူက ကုန်းကောက်စရာမရှိ‌အောင် စစ်ရှုံးနေလည်း ဆွေးနွေးပွဲမှာတော့ အပေါ်စီးကယူပြီးတော့ ပြောတာဆိုတာတွေကတော့ ရှိမှာပါ။ ဒါသဘာဝပဲ။ နောက်တစ်ခုက သူ့ထုံးစံအတိုင်း အကြမ်းဖက်မှုတွေ စစ်ရေးအရ ဖိနှိပ်မှုတွေ အရင်ကထက် ပိုပြီး ပြင်းပြင်းထန်ထန် လုပ်မှာပါ။ အဲဒီအပေါ်မှာ TNLA အနေနဲ့ ဘယ်လို သဘောထားပြီး တုံ့ပြန်မှာလဲ ဘယ်လိုဆုံးဖြတ်ချက်တွေ ထွက်လာမှာလဲ။ အဲဒီအပေါ် မူတည်ပြီးတော့မှ ကျွန်တော်တို့ ပြောကြဆိုကြရင် ကောင်းမယ်လို့ ထင်ပါတယ်ခင်ဗျာ” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းမှုလေးနှစ်အတွင်း တစ်နိုင်ငံလုံးရှိ မြို့ ပေါင်း ၉၅ မြို့အထိ လက်လွှတ်ခဲ့ရပြီး တိုင်းစစ်ဌာနချုပ်နှစ်ခုကိုပါ သမိုင်းတစ်ဆစ်ချိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သိမ်းပိုက်ခြင်းခံခဲ့ရပါတယ်။

အဲဒီထဲမှာ တရုတ်နဲ့ နယ်မြေနီးစပ်တဲ့ ရှမ်းမြောက်တစ်ခုလုံးနီးပါး လက်လွှတ်ထားရသလို ရခိုင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေရှိတဲ့ မြို့ နယ်သုံးခုကိုသာ စစ်ကောင်စီအနေနဲ့ ဆက်လက်စိုးမိုးထားနိုင်တော့တဲ့ အခြေအနေပါ။

စစ်ခေါင်းဆောင်ကတော့ ကိုယ်စီလိုလားချက်တွေကို လက်နက်ကိုင်နည်းလမ်းနဲ့ တောင်းဆိုတာက မှန်ကန်တဲ့ ကောင်းကျိုးရလဒ်တွေ ရရှိနိုင်မှာမဟုတ်တဲ့အတွက် တိုင်းရင်းသားတွေကြား တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ထုတ်ပြောခဲ့ပါတယ်။

လက်တွေ့မှာ စစ်ကောင်စီဘက်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ တအာင်းအဖွဲ့ TNLA ကို တရုတ်ကြားဝင်ညှိနှိုင်းမှုအရ တွေ့ဆုံဆွေးနွေးမှုတွေ ရှိ‌နေပေမယ့် မြေပြင်မှာတော့ စစ်ရေးအရ ဖိအားပေးနေတာပါ။

ဗိုလ်ကြီးအဆင့် CDM ပြုလုပ်ထားတဲ့ ကိုဇင်ယော်ကတော့ စစ်ကောင်စီဘက်က လိုလားချက်တွေကိုပဲ တစ်ဘက်သတ် အပေါ်စီးကနေ တောင်းသွားမှာမို့ ဒီဆွေးနွေးပွဲဟာ အဆင်ပြေလာနိုင်စရာ မရှိဘူးလို့ သုံးသပ်ပါတယ်။

“ကတိကဝတ်တစ်ခု လုပ်ထားပြီးတော့ လေကြောင်းတိုက်ခိုက်မှု လျော့သွားအောင် အချိန်ဆွဲပြီး ပြန်လာမယ့် အနေအထားမျိုးလို့ပဲ မြင်ပါတယ်။ ဘာလို့ဆို စစ်တပ်က တွေ့ဆုံဆွေးနွေးပွဲလို့သာ ပြောတာ အခုတောက်လျှောက်တိုက်နေတဲ့ ပုံစံအရကိုပဲ ဒီစကားဝိုင်းက စစ်ကောင်စီက သူတို့ရဲ့ လိုလားချက်တွေကိုပဲ တစ်ဘက်သတ် အပေါ်စီးကနေ တောင်းသွားမှာ။ အဲဒီတော့ TNLA ကလည်း သူ့မှာနဂိုကတည်းက အဖြေရှိပြီးသားပါ။ ဆွေးနွေးပွဲက အဆင်ပြေလာနိုင်စရာလည်း အ ကြောင်းမရှိဘူး။ စစ်ကောင်စီကိုလည်း မယုံဘူး။ အထူးသဖြင့် အာဏာသိမ်းပြီး စစ်တပ်မှာ ရက် စက်ကြမ်းကြုတ်ပြီး ကလိမ်ကကျစ်ကျလာတာတွေ အတော်ကြီးကို ပိုပြီးများလာတာ တွေ့ရတယ်ဗျ။ ဒါကြောင့် ဆွေးနွေးပွဲကတော့ အဆင်ပြေမယ့် အနေအထားမျိုး မရှိပါဘူးခင်ဗျ” လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်နဲ့ မန္တလေးတိုင်းရှိ မိုးကုတ်မြို့အပါအဝင် မြို့ပေါင်း ၁၂ မြို့ ကို သိမ်းပိုက်ရရှိထားပြီး အဲဒီထဲမှာ ရှမ်းမြောက်က ၁၁ မြို့အထိ ထိန်းချုပ်ထားတာပါ။

TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်မှုနဲ့ လက်ရှိ စစ်ရေးပြဿနာတွေ ပြေလည်နိုင်ရေး ဖေဖော်ဝါရီ ၁၆ ရက်နေ့ကတည်းက တွေ့ဆုံမှုတွေ စတင်နေတာပါ။

တွေ့ဆုံပွဲကို TNLA ဘက်က ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ ဦးဆောင်ကာ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်းအပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်ကြပါတယ်။

စစ်ကောင်စီကိုယ်စားလှယ်ဘက်က MNDAA ကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ(၁) မှူးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးကိုကိုဦးက ဦးဆောင်မယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီမှာလည်း တရုတ်ညှိနှိုင်းပေးမှုအရ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတို့ တွေ့ ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တရုတ်အစိုးရဘက်က ထုတ်ပြောခဲ့ပါတယ်။

ဒါပေမယ့် နှစ်ဘက်အဖွဲ့ကတော့ အဲဒီဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ဒီကနေ့အထိ တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ပါဘူး။

တရုတ်အစိုးရအနေနဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဒေသတည်ငြိမ်ရေးအ တွက် တိုက်ပွဲရပ်တန့်ဖို့ ဖိအားအမျိုးမျိုးပေးခဲ့ပေမယ့် အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကိုတော့ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.