မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၈
မွန်ပြည်နယ် မြို့နယ်အများစုမှာ ကရင်လက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုရဲ့ စက်သုံးဆီ အများအပြား ဝယ်ယူစုဆောင်းမှုကြောင့် တစ်ကျော့ပြန် စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကရင်လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ဒီမိုကရေစီအကျိုး ပြု ကရင့်တပ်မတော် DKBA တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီ ခွင့်ပြုချက်နဲ့ ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်တွေမှာ ဒီဇယ်ဆီတွေကို အတင်းအဓမ္မ ဝယ်ယူစုဆောင်းခဲ့တာပါ။
အဲဒီနောက်မှာတော့ ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်တွေမှာ ဒီဇယ်ဆီတွေအပြင် တခြားစက်သုံးဆီအမျိုးအစားတချို့ပါ ပြတ်လပ်မှုတွေ ဖြစ်လာတဲ့အတွက် တန်းစီစောင့်ဆိုင်း ဝယ်ယူရတဲ့အခြေ အနေ ထပ်မံဖြစ်ပေါ်နေတာပါ။
“အခုက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စီးပွားရေးတာဝန်ခံတွေဆိုပြီးတော့ ယူနီဖောင်းတွေ ဝတ်ပြီး လာဝယ်တာ။ ဒီဇယ်ဆီသယ်တာ များတယ်။ ဓာတ်ဆီကနည်းတယ်။ ဆီဆိုင်တွေမှာ ဂါလံပုံးတွေနဲ့ ဝယ်ဝယ်ပြီး သယ်သွား။ ဆီဆိုင်တွေမှာ ဒီဇယ်ကတော့ လုံးဝဝယ်ရခက်သွားတယ်။ ဓာတ်ဆီကတော့ရတယ်။ ဈေးပါတက်သွားတာပေါ့”လို့ အမည်မဖော်လိုတဲ့ မွန်ဒေသခံတစ်ဦး ပြောပါတယ်။
ကျားဖြန့်လုပ်ငန်း နှိမ်နင်းဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့ကစလို့ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ မြန်မာဘက်ခြမ်းက နယ်စပ်မြို့တွေကို ထိုင်းနိုင်ငံဘက်က ဖြန့်ဝေရောင်းချပေးနေတဲ့ လျှပ်စစ်မီးနဲ့ စက်သုံးဆီတွေကို စတင်ဖြတ်တောက်ခဲ့တာပါ။
အဲဒီနောက်မှာတော့ BGF နဲ့ DKBA တို့ဟာ စက်သုံးဆီရရှိရေးအတွက် ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲမြို့နယ်အပြင် မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ စက်သုံးဆီတွေ အတင်းအဓမ္မဝယ်ယူပြီး မြဝတီ၊ ရွှေကုက္ကိုလ်နဲ့ ဘုရားသုံးဆူမြို့တွေကို တင်ပို့ရောင်းချနေတာပါ။
တဖက်မှာတော့ စစ်ကောင်စီဘက်က နယ်စပ်မြို့တွေကို အရပ်သားတွေရဲ့ အိမ်စီးကားတွေ ခရီး သည်တင်ကားတွေ ကုန်တင်ယာဉ်တွေကနေ စက်သုံးဆီသယ်ယူမှုအပေါ် ဖမ်းဆီးသိမ်းဆည်းခဲ့ပေမယ့် BGF DKBA စတဲ့ အဖွဲ့အစည်းတွေက စက်သုံးဆီတင်ဆောင်လာပါက ဖမ်းဆီးသိမ်းဆည်းမှုမရှိဘဲ သယ်ယူခွင့်ပြုထားပါတယ်။
စက်သုံးဆီတွေ ပြတ်လပ်လာတဲ့အတွက် ဒေသတွင်းရှိ ဖုန်းအော်ပရေတာ တာဝါတိုင်တွေ ကုန်တင်ကားကြီးတွေ၊ ခရီးသည်တင်ယာဉ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကအစ လုပ်ငန်းလည်ပတ်ဖို့ အခက်ကြုံလာရပါတယ်။
ဒေသတွင်းမှာ စက်သုံးဆီတွေ ပြတ်လပ်မှု ဖြစ်ပေါ်နေပေမယ့် မွန်ပြည်နယ် စစ်ကောင်စီဘက်က တော့ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ