မကွေး ဖေဖော်ဝါရီ ၁၇
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက ပြည်သူတွေကို လူသားဒိုင်း အသုံးပြုပြီး စစ်ကြောင်း ဝင်ရောက်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်ကစလို့ မဒဲကျေးရွာကို ရည်ရွယ်ပြီး ထိုးတဲ့စစ်ကြောင်းတွေမှာ လူသားဒိုင်းအဖြစ်အသုံးပြုနေတာပါ။
“မနေ့က ဖေဖော်ဝါရီလ ၁၆ ရက်က ရေပုတ်ကလေးကျေးရွာက အိမ်ထဲမှာပဲ နေတဲ့သူတွေကို စစ်ကြောင်းနဲ့အတူ ခေါ်သွားတာ။ သုံးယောက်။ တစ်ယောက်ကို မြောင်းထဲကန်ချပြီး ပစ်သတ်လိုက်ကြတယ်ဗျာ။” လို့ ရေပုတ်ကလေးဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်မှာလည်း လူသားဒိုင်းအဖြစ် လူ ၅ ဦးဖမ်းခေါ်သွားခံရပြီး ရှေ့ဆုံးကနေထားကာ မိုင်းဆွဲခံရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ရေပုတ်ကလေးနဲ့ မဒဲရွာကပြည်သူတွေ အရေအတွက်ကို တိတိကျကျမသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသူတွေနဲ့ လုံးဝအဆက်သွယ်မရသေးဘဲ မုန်းချောင်းတလျှောက် လူသေအလောင်းတွေ မျောလာတာကြောင့် ဒေသခံတွေ စိုးရိမ်မှုတွေ ရှိနေပါတယ်။
“ဘယ်ကအလောင်းတွေမှန်း မသိရဘူး။ ဆယ်လည်း မဆယ်ရဲဘူး။ တချို့ဆို ခေါင်းလည်းပါမလာဘူး။” လို့ မုန်းချောင်းဝန်းကျင်မှာနေတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီလိုမျိုးအလောင်းတွေ မျောလာတာဟာ ဖေဖော်ဝါရီလဆန်းပိုင်းက ဖြစ်ပြီး တချို့အလောင်းတွေကတော့ စစ်တပ်ယူနီဖောင်းပါတဲ့အလောင်းတွေဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်ယူနီဖောင်းပါတဲ့ အလောင်းတွေကိုတော့ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းနဲ့ တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်ရက်မှာ တွေ့ရှိရတာဖြစ်ပေမယ့် ဖေဖော်ဝါရီ ၁၄ ရက် နောက်ပိုင်းတွေ့ရတဲ့ အလောင်းတွေကတော့ ပြည်သူတွေ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
စစ်ကောင်စီနဲ့ပျူစောထီးအင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ ရေပုတ်ကလေးကတဆင့် မဒဲနဲ့ကနီကျေးရွာတွေဘက်ကို စစ်ကြောင်းဝင်ရောက်နေတာလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Google Maps