ကမမောင်း၊ ဖေဖော်ဝါရီ ၁၈

ကရင်ပြည်နယ် ကမမောင်းမြို့မှာ နှစ်ဖက်စစ်ရေးတင်းမာမှုနဲ့အတူ စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီးနဲ့ လေကြောင်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်တဲ့အတွက် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ကနေစပြီး ဘားအံမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းကနေ သံလွင်မြစ်တဖက်ကမ်းက KNU တပ်မဟာ ၁ နယ်မြေ ဝတ်ကြီးကျေးရွာအုပ်စုနဲ့ ကမမောင်းမြို့အနီးက ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သွားခဲ့သလို ကမမောင်းဗျူဟာကနေလည်း လက်နက်ကြီးတွေနဲ့ မြို့အနီးအနားရှိ ကျေးရွာတွေထဲ ပစ်ခတ်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ကမမောင်းမြို့အနီးရှိ ဖားဘော်ရွာနဲ့ မိဇိုင်းတောင်ခြေတဝိုက်ကို လေယာဉ်နဲ့ လာရောက်ဗုံးကြဲပစ်ခတ်သွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဖားဘော်ရွာထဲမှာ လူနေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့သလို ဒေသခံရွာသူရွာသားတွေလည်း ဘေးလွတ်ရာကို စစ်ရှောင်ခဲ့ရတာပါ။

အခုလို စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဖားဘောင် ကပ်ကျော်စတဲ့ကျေးရွာတွေက ဒေသခံရွာသူရွာသားတွေနဲ့ ကမမောင်းမြို့ပေါ်က ဒေသခံတွေဟာ သံလွင်မြစ်တစ်ကမ်းမှာရှိတဲ့ မြိုင်ကြီးငူအထူးဒေသထဲကို ဝင်ရောက်စစ်ဘေးရှောင်လာနေကြပြီး အချို့စစ်ဘေးရှောင်တွေက တော့ ဘားအံမြို့ထဲအထိ တိမ်းရှောင်လာကြပါတယ်။

စစ်ဘေးရှောင်နေရတဲ့ ဖားဘောင်ရွာအပါအဝင် ဒေသခံပြည်သူတွေဟာ လက်ရှိမှာစားစရာအခက် အခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ့ ကမမောင်းမြို့အနီး ချဉ်းကပ်ရောက်ရှိလာနေပြီး မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာစခန်းကို ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် စစ်ကောင်စီဟာ ကမမောင်းမြို့ အနီးအနားတဝိုက်ကို လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ကမမောင်းသတင်းရင်းမြစ်အချို့ကလည်း KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်ဟာ ကမမောင်း စစ်ကောင်စီဗျူဟာကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကမမောင်းမြို့နား ရောက်ရှိလာနေပြီး ကမမောင်းမြို့အနီးနားက ကျေးရွာတွေက ဒေသခံပြည်သူတွေအနေနဲ့ သုံးရက်အတွင်း ထွက်ခွာသွားကြဖို့ ပြောဆိုနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.