ဗျူနိုအေးရီးစ် ဖေဖော်ဝါရီ ၁၄
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုအတွက် စေခိုင်းသူနဲ့ ကျူးလွန်သူတွေကို အာဂျင်တီးနားတရားရုံး တစ်ခုက နိုင်ငံတကာဖမ်းဝရမ်း ထုတ်ပြန်လိုက်တယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ ဖေဖော်ဝါရီ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဗျူနိုအေးရီမြို့မှာရှိတဲ့ တရားရုံးတစ်ခုက ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုမှာ ပါဝင်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တခြား မြန်မာစစ်တပ်အရာရှိတွေကို ဖေဖော်ဝါရီ ၁၃ ရက်မှာ ဝရမ်းထုတ်ပြန် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ ရိုဟင်ဂျာတွေအပေါ် လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြတဲ့ မြန်မာအရပ်ဘက်နဲ့ စစ်ဘက် ခေါင်းဆောင်တွေရဲ့ ကိစ္စမှာ အာဂျင်တီးနားဘက်ကနေ စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းရဲ့ တိုးတက်မှုတစ်ခုလည်း ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ တရားရေး စည်းမျဉ်းနည်းလမ်းတွေရဲ့ အောက်မှာ အခုလိုမျိုး ရာဇဝတ်မှုတွေဟာ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ ကျူးလွန်ခဲ့သည်ဖြစ်စေ ကမ္ဘာကြီးရဲ့နေရာတိုင်းကနေ စုံစမ်းစစ်ဆေးခွင့် ရှိနေတာလည်း ဖြစ်ပါတယ်။
နိုင်ငံတကာ တရားရေးယန္တရားရဲ့ ကန့်သတ်ချက်တေွနဲ့ နိုင်ငံရေးအရ အတားအဆီးတွေကြောင့် ရိုဟင်ဂျာတွေ ကျူးလွန်တဲ့ နိုင်ငံတကာ ဥပဒေဖောက်ဖျက်မှုတွေဟာ နိုင်ငံတကာ တရားရုံးတွေမှာ အဆင့်မြင့်တဲ့ နေရာတစ်ခုအထိ ရောက်လာနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့်လည်း အခုလိုမျိုး စစ်ခေါင်းဆောင်နဲ့ မြန်မာစစ်တပ်ရဲ့ ခေါင်းဆောင်တွေကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ပြန်နိုင်လိုက်တာဟာ မြန်မာပြည်သူတိုင်းအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေတယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၁၉ ခုနှစ်မှာ အဲဒီတုန်းက မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားရဲ့ ကိုယ်စားလှယ် ဦးထွန်းခင်နဲ့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေတို့က အခုအမှုကို အမှုဖွင့်လှစ်ခဲ့တာပါ။ တရားရုံးရဲ့ စုံစမ်းစစ်ဆေးမှုတွေကိုတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM က ပံ့ပိုးကူညီပေးခဲ့တာဖြစ်ပါတယ်။
ဖမ်းဝရမ်း ထုတ်ခံရသူတွေထဲမှာ စစ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် မြန်မာစစ်တပ်အရာရှိ ၂၃ ဦး ပါဝင်တယ်လို့ သိရပါတယ်။
Ref:BROUK