ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၃

ဘင်္ဂလားဒေ့ချ် အစိုးရဟောင်းဟာ ပြီးခဲ့တဲ့နှစ်မှာ အာဏာဆက်လက်ထိန်းချုပ်ထားဖို့ ကြိုးပမ်းချိန်အတွင်း ဆန္ဒပြသူတွေကို စနစ်တကျ တိုက်ခိုက် သတ်ဖြတ်မှု နောက်ကွယ်ကနေ ပါဝင်ခဲ့တယ်လို့ ကုလသမဂ္ဂက ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြောကြားလိုက်ပြီး အဲဒီ ဥပဒေ ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေနဲ့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာ ဖြုတ်ချ မခံရခင် သူ့ရဲ့ အစိုးရဟာ ဆန္ဒပြသူတွေကို စနစ်တကျ နှိမ်နှင်းတာနဲ့ ဥပဒေပြင်ပ သတ်ဖြတ်မှုတွေ အပါအဝင် တခြား လူသတ်မှု တော်တော်များများ ကျူးလွန်ခဲ့တယ်လို့ ကုလက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁ ရက်နဲ့ သြဂုတ် ၁၅ ရက်ကြား ဘင်္ဂလားဒေ့ချ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေအတွက် အချက်အလက် စုံစမ်း စစ်ဆေးရေး လေ့လာတွေ့ရှိချက်တွေကို ဖော်ပြရာမှာ ကုလသမဂ္ဂက ဘင်္ဂလားဒေ့ချ် အစိုးရဟောင်းဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ လူသတ်မှု၊ ညဉ်းပန်း နှိပ်စက်မှု၊ ထောင်သွင်း အကျဉ်းချထားမှုနဲ့ လူမဆန်တဲ့ နည်းလမ်းတွေနဲ့ ခြိမ်းခြောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ယုံကြည်ရလောက်တဲ့ အထောက်အထားတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီလို ဥပဒေ ချိုးဖောက်ရာမှာ ဟာဆီနာ အစိုးရအရာရှိတွေ၊ သူ့ရဲ့ ပါတီက အကြမ်းဖက်သူတွေ၊ ဘင်္ဂလားဒေ့ချ် ထောက်လှမ်းရေးနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့တယ်လို့ အစီရင်ခံချက်မှာ ဖော်ပြထားတာပါ။

အိမ်နီးချင်း အိန္ဒိယသို့ ထွက်ပြေးသွားခဲ့တဲ့ ၇၇ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို ဘင်္ဂလားဒေ့ချ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စွဲချက်တင်ထားပြီး ပြန်လွှဲပြောင်းပေးဖို့ တောင်းဆိုထားပေမယ့် နယူးဒေလီဘက်က မလွှဲပြောင်း ပေးသေးပါဘူး။

ဟာဆီနာ လက်ထက်မှာ ၄၅ ရက်တာကာလအတွင်း လူပေါင်း ၁၄၀၀ သတ်ဖြတ်ခံခဲ့ရပြီး ထောင်နဲ့ချီပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ချ် ယာယီအစိုးရ ဦးဆောင်တဲ့ စုံစမ်း စစ်ဆေးမှုမှာ ဖော်ပြထား ပါတယ်။

သေဆုံးသူ အများစုဟာ ဘင်္ဂလားဒေ့ချ် လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဥပဒေပြင်ပ သတ်ဖြတ်ခံရသူ ရာပေါင်းများစွာရှိပြီး တစ်ဖက်သတ် ဖမ်းဆီး နှိပ်စက်ခံရသူ အများအပြား ရှိတယ်လို့ သိရပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.