မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ်အတွင်း ထိုင်း-မြန်မာနယ်စပ်ကနေတစ်ဆင့် ဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်း ဈေး နှုန်းတွေဟာ လက်ရှိနယ်စပ်မှာ စက်သုံးဆီဝယ်ယူရတဲ့ အခက်အခဲကြောင့် အနည်းငယ် မြင့်တက် လာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

လက်ရှိ နှစ်နိုင်ငံနယ်စပ်တစ်လျှောက်မှာရှိတဲ့ ကျားဖြန့် လုပ်ငန်းတွေကို နှိမ်နင်းဖို့ ထိုင်းနိုင်ငံဘက်က ဖေဖော်ဝါရီ ၅ ရက်က စတင်ပြီး နယ်စပ်မြို့ တွေဆီ လျှပ်စစ်ဓာတ်အားနဲ့ စက်သုံးဆီ တင်သွင်းခွင့်တွေ ပိတ်ပင်လိုက်ပြီးနောက် စက်သုံးဆီဝယ်ယူရ အခက်အခဲ ဖြစ်ပေါ်နေတာပါ။

အခုလို နယ်စပ်မှာ စက်သုံးဆီ ဝယ်ယူရတဲ့ အခက်အခဲကြောင့် ကုန်ပစ္စည်း သယ်ဆောင်တဲ့နေရာမှာ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ပိုမိုကုန်ကျလာတဲ့အတွက် ထိုင်းကုန်ပစ္စည်းတွေဟာ အမျိုးအစားပေါ် မူတည်ကာ ငွေကျပ် ၃၀၀၀ ကနေ ၈၀၀၀ ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။

ကုန်သည်တစ်ဦးကတော့ လက်ရှိနယ်စပ်ကတစ်ဆင့် ထိုင်းကုန်ပစ္စည်း သယ်ယူတဲ့နေရာမှာ စက်သုံးဆီ ရရှိဖို့အတွက် ခက်ခက်ခဲခဲ ဝယ်ယူနေရသလို စက်သုံးဆီဈေးနှုန်းကလည်း ၁၀ ဆဝန်းကျင်ထိ မြင့်တက်လာတဲ့အတွက် ကားခတွေ ၂ ဆ ဖြစ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဆီတောင် မနည်းဝယ်နေရတာ၊ ဆီရဖို့ကို မနည်းကြိုးစားနေရတာ၊ ဆီတစ်လီတာကို ၃ ထောင်ကနေ ၃ သောင်း ဖြစ်သွားတာလေ။ အခု ၇ သောင်း ၈ သောင်းလောက်ပေးပြီး ဝယ်ဝယ်နေရတယ်။ ဆီတစ်လီတာ ၈ သောင်းတောင်၊ ထက်ဝက်မဟုတ် ၁၀ ဆ တက်သွားတာပေါ့။ ကားခတွေလည်း ၂ ဆတွေ ဖြစ်သွားပြီ။ ထပ်ဆိုးလာမယ့် အနေအထားတော့ရှိတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိ ထိုင်းကုန်ပစ္စည်းတွေကို ပုံမှန်အတိုင်း သယ်ယူနိုင်ပေမယ့် အခုကြုံနေရတဲ့ စက်သုံးဆီ အခက်အခဲ ပြဿနာကို မဖြေရှင်းနိုင်ပါက ဈေးနှုန်းထပ်မံ တက်လာနိုင်သလို နောက်ဆုံး စားသုံးသူတွေသာ ပိုမိုကုန်ကျလာမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

နောက်ထပ် ကုန်သည်တစ်ဦးကလည်း လက်ရှိ ထိုင်းကုန်ပစ္စည်းတွေကို ပိတ်ပင်တာမျိုး မရှိပေမယ့် စက်သုံးဆီအခက်အခဲကြောင့် ကားခတွေ ဈေးတက်လာတဲ့အတွက် ကုန်ပစ္စည်းဈေးနှုန်းတွေလည်း မြင့်တက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။

“သူက ဆီပဲပိတ်တာလေ။ ကျန်တာ ဘာမှ မပိတ်ထားဘူးလေ။ ကျန်တာတွေက တံတားနဲ့ ကူးတာကူး လာတာကလာနေတာပဲ။ ဆီနဲ့ မီးနဲ့ပဲ ဖြတ်တာ။ ကျန်တဲ့ စားသောက်ကုန်တွေ ဘာတွေ မဖြတ်ဘူးလေ။ ကားခတွေ ဈေးတက်တာပေါ့။ ဆီမှ မရတာ။ ဆီမှမရတော့ တက်စရာ ကားခရှိတော့ ကားခ ဈေးတက်တာပေါ့။ ကားခကတော့ သူနဂိုပုံမှန် ဈေးထက် နည်းနည်းပိုသွားတာပေါ့။ ဆီဝယ်ရ ခက်တယ်ဆိုတော့။(ကုန်ပစ္စည်းက) တစ်ခုတည်းတော့ တစ်မယ်ထဲတော့ ပြောလို့ မရဘူး။ဒါပေမယ့် တက်တာတော့ တက်သွားတာပေါ့” လို့ ဆိုပါတယ်။

ထိုင်းကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့နေရာမှာ စစ်ကောင်စီ လက်အောက်ခံ ဂိတ်တွေနဲ့ တိုင်း ရင်းသားလက်နက်ကိုင်တွေရဲ့ ဂိတ်တွေကိုပါ ဂိတ်ကြေး အဆမတန်ပေးရတဲ့အပြင် အခုလို စက်သုံးဆီ အခက်အခဲကြောင့်လည်း အရင်ကထက်ပိုမိုကုန်ကျနေရတယ်လို့ သူက ဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီလက်အောက်ခံတွေဟာ ထိုင်းနိုင်ငံကနေ ဝင်ရောက်လာတဲ့ ကုန် ပစ္စည်းတွေကို တရားမဝင် တင်သွင်းလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂိတ်တွေအပြင် ဈေး ကွက်တွေထဲမှာလည်း ရှောင်တခင် ဖမ်းဆီးမှုတွေ ရှိနေတဲ့အတွက် ထိုင်းကုန်ပစ္စည်း သယ်ဆောင်ရာမှာ အခက်အခဲတွေ ထပ်ဆင့်ဖြစ်ပေါ်နေတာပါ။

မွန်ပြည်နယ်မှာတော့ ထိုင်းနိုင်ငံကနေ ဝင်လာတဲ့ အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေ အပါအဝင် အထွေထွေသုံး ကုန်ပစ္စည်းတွေကိုပါ အဓိက အားထားပြီး အသုံးပြုနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.