မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၄
လက်ရှိ နိုင်ငံရေးတိုက်ပွဲအချို့အကွေ့ ပြည်တွင်းစစ်မှာ ကျေးလက်နေ အရပ်သားပြည်သူတွေ အ သက်ရှင်သန်ရပ်တည်ရေးအတွက် ဒေသခံတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့ အရေးကြီးတယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ မွန်ပြည်သစ်ပါတီ NMSP ဗဟိုအလုပ်အမှုဆောင်ကော်မတီက မွန်ဘာသာနဲ့ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်မှာ ထည့်သွင်းလာတာပါ။
မွန်အမျိုးသားစည်းလုံးညီညွတ်ရေးမှာလည်း အရေးကြီးတာဖြစ်လို့ နိုင်ငံရေး၊အမျိုးသားရေး အမြင်သဘောထားတွေကို စုစည်းကာ မွန်အမျိုးသားညီလာခံမှာ ညှိနှိုင်းတိုင်ပင်သင့်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မွန်ပြည်သစ်ပါတီအနေနဲ့ အပြောင်းအလဲတွေကို အမြဲသုံးသပ်ဆင်ခြင်ကာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးကို ဦးတည်ပြီး နည်းလမ်းထောင့်စုံကနေ ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။
မွန်လူမျိုးတွေရဲ့ ဆန္ဒပန်းတိုင်ဟာ စစ်မှန်တဲ့ ပြည်ထောင်စုမှာ ပါတဲ့ မူလအခွင့်အရေးနဲ့ ပြည့်စုံတဲ့ မွန်ပြည်တည်ဆောက်ရေး လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ နိုင်ငံရေးပါတီတွေ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်သွားကြဖို့ နှိုးဆော်ထားတာပါ။
ပြည်တွင်းမှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအချိုးအကွေ့မှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ သဘော ထားတွေအပေါ် လေ့လာသုံးသပ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားနိုင်ဖို့ မွန်ပြည်သစ်ပါတီက စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ရပ်တန့်ခဲ့ပြီး စစ်ကောင်စီနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တွေ တိုက်ပွဲအရှိန်ပြင်းထန်လာတာကြောင့် အုပ်ချုပ် ရေးယန္တယား ဥပဒေစိုးမိုးရေး ချို့ယွင်းပျက်စီးလာပြီး ပြည်သူတွေ လုံခြုံရေးအားနည်းကာ ကြီးမား စွာ စစ်ဘေးသင့်ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့နဲ့ အမျိုးသားအမျိုးသမီးတွေ စစ်မှုထမ်းရမယ့် ဥပဒေကိုပါ ထုတ်ပြန်ထားတဲ့အတွက် ပြည်တွင်းစစ်ရှည်ကြာမှာကိုလည်း ပြည်သူတွေ စိုးရိမ်နေကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာကတော့ မွန်လူမျိုးတွေ အမျိုးချစ်စိတ် တာဝန်သိစိတ်ရှိရင် မိမိတို့ အမျိုးသားလွတ်မြောက်ရေးလုပ်ငန်းစဉ်မှာ အင်အားဖြည့်ကာ ဝင်ရောက်လုပ်ကိုင် ထောက်ပံ့သင့်တယ်လို့ ပေးပို့တဲ့ မွန်အမျိုးသားနေ့ သဝဏ်လွှာကနေ ပြောဆိုလာတာပါ။
ဒါကြောင့် မွန်လူမျိုးတွေ စည်းလုံးညီညွတ်ဖို့ မွန်အရပ်သားပြည်သူတွေ အမျိုးသားရေးမှာ ထောက် ပံ့ကူညီပေးပြီး ပန်းတိုင်အရောက်လှမ်းနိုင်ဖို့ မဟာမိတ်တွေနဲ့ ပူးပေါင်းကာ ကြိုးစားလုပ်ဆောင်ကြဖို့ လေးနက်စွာ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ