ဘန်ဂလူရူး၊ ဖေဖော်ဝါရီ ၁၃

ရုရှားက သူတို့ရဲ့ ပဉ္စမမျိုးဆက် Su-57 ကိုယ်ပျောက်တိုက်လေယာဉ်တွေကို အိန္ဒိယလေတပ်အတွက် အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်ပေးဖို့ ကမ်းလှမ်းထားကြောင်း နှစ်နိုင်ငံ အရာရှိတွေက ပြောကြားထားပါတယ်။

ရုရှားက အိန္ဒိယအစိုးရနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးပမ်းနေချိန်မှာ အခု ကမ်းလှမ်းချက် ထွက်ပေါ်လာတာပါ။

ရုရှားဟာ အိန္ဒိယကို အဓိက လက်နက်ထောက်ပံ့ပေးနေတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး အိန္ဒိယဟာ ကမ္ဘာမှာ လက်နက်ဝယ်ယူမှု အများဆုံးနိုင်ငံထဲမှာ ပါဝင်ပါတယ်။

ရုရှား တိုက်လေယာဉ်တွေဟာလည်း အိန္ဒိယလေတပ်ထဲမှာ တော်တော်များများ အသုံးပြုနေတဲ့ လေယာဉ်တွေ ဖြစ်ပါတယ်။

ဒါပေမဲ့ ယူကရိန်းစစ်ပွဲကြောင့် မော်စကိုရဲ့ လက်နက်တင်ပို့နိုင်စွမ်း လျော့ကျသွားတာကြောင့် အိန္ဒိယက အနောက်နိုင်ငံတွေဘက်ကို ဦးလှည့်ခဲ့ပါတယ်။

ကမ်းလှမ်းမှုကို အိန္ဒိယအစိုးရက လက်ခံတယ်ဆိုရင် အခုနှစ် စောစောပိုင်းမှာ တိုက်လေယာဉ် ထုတ်လုပ်မှု စတင်နိုင်တယ်လို့ ရုရှား လက်နက် တင်ပို့ရေးကုမ္ပဏီ Rosoboronexport ရဲ့ အရာရှိ တစ်ယောက်က ပြောပါတယ်။

မှတ်ချက်ပြုပေးဖို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိပါဘူး။

အိန္ဒိယအစိုးရ၊ နိုင်ငံပိုင် လေယာဉ်ထုတ်လုပ်ရေး လုပ်ငန်းအရာရှိတွေနဲ့ ရုရှားအရာရှိတွေကြား ဆွေးနွေးချိန်မှာ ရုရှားဘက်က အလွတ်သဘော ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်ရဲ့ လေတပ်အင်အား ပိုကောင်းလာတာကြောင့် အိန္ဒိယက သူတို့ရဲ့ တိုက်ခိုက်ရေး လေယာဉ်အုပ်စုကို အင်အား ဖြည့်တင်းဖို့ လုပ်ဆောင်နေပါတယ်။

အိန္ဒိယကို နည်းပညာအပြည့်အဝ လွှဲပြောင်းပေးပြီး အိန္ဒိယမှာ တိုက်လေယာဉ်တွေ ထုတ်လုပ်မယ်ဆိုရင် အနောက်တိုင်းက ရုရှား အပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ မသက်ရောက်ဖို့ လိုပါတယ်။

အိန္ဒိယက မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေကြောင်းပြပွဲမှာ ရုရှားထုတ် Su-57 ကိုရော လော့ခ်ဟီး မာတင်ထုတ် အမေရိကန် ကိုယ်ပျောက် တိုက်လေယာဉ် F-35 Lightning II တို့ကိုပါ ပြသခဲ့ပါတယ်။

ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ အစိုးရက ကိုယ်အားကိုယ်ကိုးနိုင်ရေး ပြည်တွင်းဖြစ် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု အားကောင်းလာစေရေးနဲ့ ထုတ်လုပ်မှု စုရပ် ဖြစ်လာစေရေး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.