ဘားအံ ဖေဖော်ဝါရီ ၁၃

ကရင်ပြည်နယ် မြဝတီမြို့မှာ စက်သုံးဆီပြတ်တောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရိုက်ခတ်မှုတွေကြောင့် ဘားအံမြို့မှာလည်း စက်သုံးဆီကို အကန့်အသတ်နဲ့ တန်းစီစောင့်ဆိုင်းဝယ်ယူနေရပြီး ဒီဇယ်ဆီလည်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်းနိုင်ငံက နှစ်နိုင်ငံနယ်စပ်က မြဝတီမြို့နယ်ထဲကို ဖြန့်ဝေရောင်းချပေးနေတဲ့ လျှပ်စစ်ဓာတ်အားနဲ့ စက်သုံးဆီတွေကို ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်ဖြတ်တောက်လိုက်တဲ့အတွက် နယ်စပ်မြို့ တွေဖြစ်ကြတဲ့မြဝတီနဲ့ရွှေကုက္ကိုလ်မြို့သစ်တွေမှာ စက်သုံးဆီရရှိဖို့ အခက်အခဲကြုံနေရပြီး ဒေသခံတွေဟာ စက်သုံးဆီကို မဲဆောက်မြို့ဆီ ကူးသန်းပြီးသွားရောက်ဝယ်ယူနေရပါတယ်။

ဒါ့အပြင် စက်သုံးဆီရရှိဖို့ အခက်ကြုံနေရတဲ့ အဲဒီနယ်စပ်မြို့နှစ်ခုက ဒေသခံပြည်သူတွေအပြင် အိမ်စီးကား၊ ကုန်တင်ကား၊ ခရီးသည်တင်ယာဉ် ပိုင်ရှင်နဲ့ ယာဉ်မောင်းတွေဟာ ဘားအံ၊ လှိုင်းဘွဲ့၊ မော်လမြိုင်မြို့တွေမှာရှိတဲ့ စက်သုံးဆီဆိုင်တွေမှာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီတွေကို လာရောက်ဝယ်ယူသိုလှောင်ထားပြီး မြဝတီ၊ ရွှေကုက္ကိုလ်မြို့တွေ ပြန်လည်သယ်ယူကာ ရောင်းချပေးနေတာတွေလည်း ရှိနေပါတယ်။

ကရင်နယ်ခြားစောင့်တပ် BGF နဲ့ အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း စက်သုံးဆီရရှိရေးအတွက် ဘားအံ၊ လှိုင်းဘွဲ့မြို့နယ်ထဲမှာရှိတဲ့ စက်သုံးဆီဆိုင်တွေမှာ သွားရောက်ကာ ဆီတွေကို ဝယ်ယူသိုလှောင်ထားကြပြီး ပြန်လည်ရောင်းချနေတာလည်း ရှိခဲ့ပါတယ်။

ဒီလို စက်သုံးဆီကို အများအပြား ဝယ်ယူသိုလှောင်ထားကြတာတွေ ရှိနေတဲ့အတွက် ဘားအံမြို့ပေါ်က စက်သုံးဆီဆိုင်တွေမှာ ဆီရောင်းချပေးနေတာတွေကို အကန့်အသတ်နဲ့ တန်းစီစောင့်ဆိုင်းဝယ်ယူနေရသလို တချို့ဆီဆိုင်တွေလည်း ပိတ်ထားတာတွေ ရှိနေတယ်လို့ ဘားအံဒေသခံတစ်ဦးက ပြောပါတယ်။

“အခုက အကုန်လုံး တန်းဆီနေရတယ်၊ (ဆီတွေကို) တိုးတိုးဝယ်နေကြတယ်။ ဒီဇယ်ပြတ်သွားတယ်၊ မရတာကြာပြီ” လို့ ဘားအံဒေသခံတစ်ဦးက ပြောဆိုထားတာပါ။

ဘားအံမြို့ပေါ်မှာ စက်သုံးဆီတင်ဆောင်လာတာကို စစ်ကောင်စီအာဏာပိုင်အဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ တားမြစ်စစ်ဆေးပြီး ဆီပုံးပေပါတွေ ပါရှိလာပါက ဖမ်းဆီးသိမ်းဆည်းတာတွေ လုပ်ဆောင်နေတယ်လို့ ခရီးသွားပြည်သူတွေနဲ့ စစ်ကောင်စီသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

မြ၀တီမြို့မှာ စက်သုံးဆီကို အကန့်အသတ်နဲ့ တန်းဆီစောင့်ဆိုင်းပြီး လိုသလောက်ဝယ်ယူလို့မရရှိတဲ့အတွက် ကုန်တင်ယာဉ်မောင်း၊ ခရီးသည်တင်ယာဉ်မောင်းနဲ့ လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ ဘားအံမြို့မှာ စက်သုံးဆီကို ဝယ်ယူနေကြပြီး မြဝတီမြို့ကို ပြန်လည်သယ်ယူ ရောင်းချနေကြတာပါ။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.