မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၃
အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ ဗဟိုချုပ်ကိုင်မှုစနစ် အသစ်တဖန် ပြန် လည်အားကောင်းစေမယ့် ဗဟိုအခြေပြုဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးသွားမှာ မဟုတ်ဘူးလို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ တိုင်းရင်းသားအဖွဲ့တွေ ကြေညာပါတယ်။
ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေး အခြေခံချဉ်းကပ်မှုနဲ့သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်သွားနိုင်ရေး ကြိုးပမ်းသွားမယ်လို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီတွေပါတဲ့ အဖွဲ့ ၉ ဖွဲ့ကနေ ထုတ်ပြန်လာတာပါ။
ဗဟိုချုပ်ကိုင်မှုစနစ်ဟာ အစိုးရအဆက်ဆက်ရဲ့ ဆယ်စုနှစ် ခုနှစ်ခုကျော်တိုင် တည်ရှိနေတဲ့ နက်ရှိုင်းတဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ရုံမက နောက်ဆက်တွဲ ပိုမိုရှုပ်ထွေးတဲ့ ထပ်ဆင့်ပြဿနာတွေကို ဖြစ်ပေါ်စေတာဟာ ပကတိအရှိတရားပဲလို့ ဆိုပါတယ်။
တော်လှန်ရေးကာလမှ စတင်ကာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မှုကို လက်တွေ့ဖော်ဆောင်ပြီး အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေလိုမျိုး သက် ရောက်မှုရှိတဲ့ အုပ်ချုပ်ရေးစာတမ်းအဖြစ် ကျင့်သုံးသွားဖို့ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအ မံဆိုင်ရာ အခြေခံဥပဒေကို စတင်ရေးဆွဲနေပြီလို့ အသိပေးတာပါ။
မိမိတို့အနေနဲ့ ဒီမိုကရေစီရေး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ အ ပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့စုဖွဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်အံ့တုတဲ့ ပြည်သူတွေနဲ့လက်တွဲကာ အာဏာရှင်စနစ်အမြစ် ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေကြတာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ကြေညာချက်မှာပါတဲ့ တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်အမျိုးသားအစည်အရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP – AD တို့ ဖြစ်ပါတယ်။
ဒ့ါအပြင် ပြည်နယ်လူမျိုးကိုယ်စားပြုကောင်စီတွေဖြစ်တဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC၊ တအာင်းနိုင်ငံ ရေးအတိုင်ပင်ခံကော်မတီ TPCC နဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB တို့လည်း ပါဝင်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်နယ်အားကောင်းရေးကို ရှေုးရှုတဲ့ ချဉ်းကပ်မှုနဲ့ လက်တွေ့ အကောင်အထည်ဖော်သွားဖြစ်ပြီး ဒီအပေါ် လိုလားတဲ့ အဖွဲ့အစည်းတွေ အားလုံးနဲ့ အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်သွားမယ်လို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၉ ရက်နေ့မှာ သဘောထားကြေညာခဲ့ပြီး ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media