မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၁

ကရင်လူမျိုးရဲ့ ရန်သူဖြစ်တဲ့ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်ဝါဒ ကျင့်သုံးတဲ့သူတွေကို ဆန့်ကျင်ဖယ်ရှားသွားမယ်ဆိုတဲ့ သန္နိဌာန်ကိုမြဲမြံစွာ ကိုင်စွဲထားရမှာဖြစ်ပြီး အာဏာရှင်ဝါဒပြိုကျသွားဖို့ မိမိတို့အားလုံး စုပေါင်းဖြိုချတိုက်ဖျက်သွားရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌက ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအ မှတ် ပြောကြားတဲ့မိန့်ခွန်းထဲမှာ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မိမိတို့ ကရင်လူမျိုးရဲ့ ဖြစ်တည်မှု ရေရှည်တည်တံ့မှုနဲ့ ကြီးပွားတိုးတက်မှုတို့ကို ဆန့်ကျင်တဲ့ အဟန့် အတားဖြစ်စေတဲ့ ဝါဒနဲ့ လုပ်ရပ်တွေဟာ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်ဝါဒတွေဖြစ်ပြီး အာဏာ ရှင်ဝါဒပြိုလဲကျဖို့ မိမိတို့အားလုံး စုပေါင်းဆောင်ရွက်ရမယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဒါ့အပြင် ကရင်လူမျိုးတွေ လိုလားချက်ပြည့်ဝရရှိနိုင်ဖို့အတွက် ကရင်လူမျိုးတိုင်း ကရင်လက်နက် ကိုင်အဖွဲ့အစည်းတိုင်း ကရင်နိုင်ငံရေးပါတီတိုင်းနဲ့ ကရင်လူမှုအဖွဲ့အစည်းတိုင်း စည်းလုံးညီညွတ်မှုကိုတည်ဆောက်ပြီး မိမိကဏ္ဍမိမိနေရာမှာ တတ်တဲ့အတိုင်း အင်အားရှိတဲ့အတိုင်း လှုပ်ရှားဆောင် ရွက်ကြရမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ဟာ ကရင်တမျိုးသားလုံးနဲ့ အခြားလူမျိုးတွေ ပြည်သူလူထုတွေအားလုံးအတွက် စိန် ခေါ်မှုကြီးမားတဲ့အခြေအနေတစ်ရပ်ဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းခဲ့တာဟာ ကရင်အမျိုးသားနဲ့ လူမျိုးစုတွေရဲ့ လိုလားချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးရည်ရွယ် ချက်နဲ့ လုပ်ငန်းစဉ်တွေကို ဆန့်ကျင်မျက်ကွယ်ပြုခဲ့တာဖြစ်တယ်လို့ KNU ဥက္ကဌက ဆိုထားပါတယ်။

လူမျိုးစုတွေဟာ ဗမာမဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်ဝါဒတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသလို ဗမာလူမျိုးတွေဟာလည်း ဒီမိုကရေစီလမ်းစဉ်နဲ့ လူမှုဘဝကြီးပွားတိုးတက်ရေးကို မျက်ကွယ်ပြုတဲ့ စစ်အာဏာရှင်ဝါဒီတို့ရဲ့ အုပ်ချုပ်ရေးကို ကြုံတွေ့နေရတယ်လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.