ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်အတွက် အချုပ်အခြာ အာဏာပိုင် ချမ်းသာကြွယ်ဝမှု ရန်ပုံငွေ ထူထောင်ဖို့ ပထမဆုံး ခြေလှမ်းလှမ်းလိုက်ပြီး အဲဒီ ရန်ပုံငွေနဲ့ TikTok ကို ဝယ်ယူနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။
အဲဒီ ရန်ပုံငွေဟာ မကြာခင်မှာ အကြီးမားဆုံး ရန်ပုံငွေထဲက တစ်ခု ဖြစ်လာမယ်လို့ သမ္မတ ထရန့်က ပြောဆိုထားပြီး လုပ်ငန်းစဉ် ချက်ချင်း စတင်မယ့် အထူးအမိန့်ကို ဖေဖော်ဝါရီ ၃ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
နိုင်ငံပေါင်း ၉၀ ကျော်မှာ အချုပ်အခြာ အာဏာပိုင် ချမ်းသာကြွယ်ဝမှု ရန်ပုံငွေတွေ ရှိပြီး အနာဂတ်မျိုးဆက်တွေရဲ့ အကျိုးအတွက် ရင်းနှီးမြှုပ်နှံမှု ပိုလျှံဝင်ငွေကို စုဆောင်းထားကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန်ဟာ လောလောဆယ်မှာ ဘက်ဂျက် လိုငွေ ပြနေပါတယ်။
သမ္မတ ထရန့်က ရန်ပုံငွေ အများကြီး ထူထောင်သွားမယ်လို့ သတင်းထောက်တွေကို ပြောကြားလိုက်ပေမယ့် အဲဒီ ငွေတွေ ဘယ်က ရလာမလဲ ဆိုတာကိုတော့ အသေးစိတ် ပြောမသွားပါဘူး။
ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း အချုပ်အခြာ အာဏာပိုင် ချမ်းသာကြွယ်ဝမှု ရန်ပုံငွေ ထူထောင်ရေး ပထမဆုံး အစီအစဉ် ထွက်လာချိန်မှာ ထရန့်က အဲဒီ ရန်ပုံငွေကို အခွန်ကောက်ယူမှုနဲ့ တခြား အသိဉာဏ် ဆိုင်ရာကိစ္စတွေဆီက ရယူမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
သူက အမေရိကန်ရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက် သုံးနိုင်ငံ ဖြစ်တဲ့ ကနေဒါ၊ မက္ကစီကိုနဲ့ တရုတ်တို့ကို အခွန် တိုးကောက်မှာ ဖြစ်ကြောင်း ကြေညာထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ သူက ကနေဒါနဲ့ မက္ကစီကိုနိုင်ငံတို့အပေါ် အခွန် တိုးကောက်မယ့် အစီအစဉ်ကို လောလောဆယ် ရက်ပေါင်း ၃၀ အထိ ဆိုင်းငံ့ထားပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆန့်က အဲဒီ ရန်ပုံငွေကို လာမယ့် ၁၂ လ အတွင်း ထူထောင်သွားမှာ ဖြစ်ပြီး အမေရိကန် နိုင်ငံသားတွေအတွက် အစိုးရရဲ့ လောလောဆယ် ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုတွေကို ငွေသား ဖြစ်လာအောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ဆော်ဒီအာရေးဗီးယားနဲ့ နော်ဝေတို့မှာ အလားတူ ရန်ပုံငွေ အများဆုံး ရှိပြီး ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာရောင်းချမှုနဲ့ ထူထောင်ထားတာ ဖြစ်ပါတယ်။
အဲဒီ နှစ်နိုင်ငံဟာ ကမ္ဘာတဝန်းရှိ ကုမ္ပဏီတွေနဲ့ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားပါတယ်။
အမေရိကန်ရဲ့ အချုပ်အခခြာ အာဏာပိုင် ချမ်းသာကြွယ်ဝမှု ရန်ပုံငွေနဲ့ လေဆိပ်တွေ လမ်းတွေလို အခြေခံ အဆောက်အဦတွေ တည်ဆောက်ဖို့ သုံးမယ်လို့ ထရန့်က အရင်က ပြောကြားခဲ့ပေမယ့် အမိန့်ကြေညာပြီးနောက်မှာ TikTok ကို ဝယ်ယူဖို့လည်း သုံးစွဲနိုင်တယ်လို့ ထပ်ဆောင်း ပြောဆိုလာတာပါ။
လုံခြုံရေး စိုးရိမ်မှုတွေကြောင့် တရုတ်ပိုင်ဆိုင်တဲ့ လူမှုမီဒီယာ TikTok ကို အမေရိကန် ကုမ္ပဏီတစ်ခုခုဆီ မရောင်းချရင် တားမြစ်ခံရမယ်လို့ အရင်အစိုးရက သတ်မှတ်ထားခဲ့ပြီးနောက် အမေရိကန်မှာ ပြီးခဲ့တဲ့လက ဝန်ဆောင်မှု ခေတ္တ ရပ်ဆိုင်းသွားခဲ့ပါတယ်။
အဲဒီလို ရပ်ဆိုင်းလိုက်တာကို TikTok သုံးစွဲသူတွေက ကန့်ကွက် ဆန္ဒပြပြီးနောက် သမ္မတ ထရန့်က အဖြေရှာမယ်လို့ ပြောကြားကာ တားမြစ်မှုကို နောက်ဆုတ်ထားခဲ့တာ ဖြစ်ပါတယ်။
Ref:BBC