ဘီးလင်း၊ ဖေဖော်ဝါရီ ၅

မွန်ပြည်နယ် ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗျူဟာမှူးနဲ့တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၂၀ နီးပါး စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် ၂၇ စစ်ဗျူဟာက ထုတ်ပြန်ပါတယ်။

စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းက စတင်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စခန်းတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး တင့်လွင်ဦး၊ ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစိုင်းသူရဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး စခန်းစွန့်ခွာ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်းမှာတော့ ဒုတပ်ရင်းမှူးဗိုလ်မှူး ခန့်နိုင်၊ ဗိုလ်ကြီး ဇော်မင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါး သေဆုံးပြီး စစ်ဦးစီး(တတိယတန်း) G3 ဗိုလ်ကြီးသော်တာအပါအဝင်စစ်သုံ့ပန်း ၂၇ ဦး ဖမ်းဆီရမိခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီထံကနေ ၁၂၂ မမ တာဝေးပစ် ဟောက်ဝေဇာအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိခဲ့ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံချေမှုန်းနေတယ်လို့ အမှတ် ၂၇ စစ်ဗျူဟာက အသိပေးထားပါတယ်။

အင်အား ၁၀၀ ဝန်းကျင် တပ်စွဲခဲ့တဲ့ မဲပလီဗျူဟာစခန်းဟာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ပိတ်ဆို့ထားတဲ့ ဖာပွန်ဗျူဟာကို စစ်ရေးအကူအညီပေးရမှာ အရေးပါတဲ့တပ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.