မဲဆောက် ၊ ဖေဖော်ဝါရီ ၄
စစ်အုပ်စုက ၂၀၀၈ အခြေခံဥပဒေအောက် ပြန်ဆွဲသွင်းမယ့် ရွေးကောက်ပွဲနည်းလမ်းထဲ တွန်းပို့ဖို့ စေ့စပ်ဆွေးနွေးခြင်းကို လက်ခံမှာမဟုတ်ဘူးလို့ နွေဦးတော်လှန်ရေးအင်အားစုတွေက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သောင်ရင်းသဘောထား ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သောင်ရင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး နွေဦးတော် လှန်ရေးနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် ဘုံသဘောထား ၁၀ ချက်ကို ပြည်သူလူထုထံ အသိပေးခဲ့တာ ဖြစ်ပါတယ်။
သောင်ရင်းဆွေးနွေးပွဲမှာ ခေတ်အဆက်ဆက် နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ CDM တွေ၊ သမဂ္ဂတွေ၊ သပိတ်အဖွဲ့တွေ၊ မြေပြင်ခုခံတော်လှန်အင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ ပါဝင်ဆွေးနွေးခဲ့ကြတာပါ။
သောင်ရင်းတွေ့ဆုံပွဲဖြစ်မြောက်ရေးအဖွဲ့ ပြောခွင့်ရဦးထွန်းကြည်က အာဆီယံမူငါးချက်နဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဘက်က မလိုက်နာနိုင်တဲ့အတွက် ဆွေးနွေးရေးဟာ အဖြေမဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီလိုမျိုးအခင်းအကျင်းတွေရှိရဲ့သားနဲ့ စစ်အာဏာရှင်တွေနဲ့ လက်သည်တရားခံ နိုင်ငံတကာ ရာ ဇဝတ်ကောင်နဲ့ ဆွေးနွေးဖို့ တွန်းအားပေးနေတာက တကယ်တမ်းကျ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် တွန်းအားလည်းဖြစ်လာမှာ မဟုတ်ဘူး။ အထောက် အကူလည်း ပြုမှာမဟုတ်ဘူး။ လက်တွေ့လည်းမကျဘူး။ အဖြေလည်း မဟုတ်ဘူးဗျာ”လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်တိုက်ပွဲမှာ ရှုံးနိမ့်နေပြီလို့ ဝန်ခံကာ လက်နက်ချအညံ့ခံတဲ့ အခြေအနေရောက်မှသာ တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့နဲ့ စစ်မှန်ပြီး အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေက အာဏာသိမ်းလေးနှစ်ပြည့်မှာ စစ်ကောင်စီကို တိုက်တွန်းတဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အလားတူ အဲဒီတိုက်တွန်းချက်တွေပါတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကလည်း အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်ကိုယ်တိုင် လက်မှတ်ရေးထိုးထားပေမယ့် လက်ရှိအချိန်အထိ အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။
တစ်ဘက်မှာ မြန်မာ့အရေးကို ကြားဝင်ညှိနှိုင်းပေးနေတဲ့တရုတ်အစိုးရကလည်း စစ်ကောင်စီကျင်း ပမယ့် ရွေးကောက်ပွဲကို ကူညီပေးဖို့ ရှိနေသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို အပစ် ခတ်ရပ်စဲဖို့ ဖိအားပေးနေတာပါ။
စစ်ကောင်စီဘက်ကလည်း နိုင်ငံရေးနည်းလမ်းကို တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ အဖြေရှာနိုင်မှာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်းကြိုဆို လမ်းဖွင့်ပေးထားတယ်လို့ ကာလုံအ စည်းအဝေးမှာ ထုတ်ပြောခဲ့ပါတယ်။
နွေဦးတော်လှန်ရေးအင်အားစုတွေကတော့ စေ့စပ်ဆွေးနွေးခြင်းကို လက်ခံမှာမဟုတ်သလို ပြည် တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ ဘယ်ပြည်ပနိုင်ငံတွေရဲ့လွှမ်းမိုးခြယ်လှယ်မှုကိုမှ လက်မခံဘူးလို့ ကြေညာထားတာပါ။
ဦးထွန်းကြည်က စစ်ကောင်စီ အာဏာတည်မြဲရေးအတွက် လုပ်ဆောင်နေတာတွေကို တရုတ်အပါ အဝင် နိုင်ငံတကာအနေနဲ့ ထောက်ခံစရာမလိုဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ့်ကိစ္စလို့ ပြောပါတယ်။
“သူ့စစ်အာဏာ တည်တံ့ခိုင်မြဲရေးအတွက် ကြိုးစားနေတာတွေ နောက်တချက်က ရွေးကောက်ပွဲကို လက်နက်အဖြစ် အသုံးချပြီး ထွက်ပေါက်ရှာမယ့် ကိစ္စတွေပေါ့။ အဲဒီကိစ္စတွေလည်း တရုတ်အပါ အဝင် အိန္ဒိယ ထိုင်း နိုင်ငံတကာအနေနဲ့ ထောက်ခံစရာလည်း မလိုဘူး။ ပြတ်ပြတ်သားသား ဆန့် ကျင်ရှုတ်ချရမယ့် ကိစ္စလေ။ ဒီအပေါ်မှာတော့ ပါးစပ်နဲ့ ပြောလို့မရဘူး။ ကိုယ်ထိလက်ရောက်ကို ပြတ်ပြတ်သားသား ရွေးကောက်ပွဲကိစ္စတွေ ကန့်ကွက်ရမှာ ဆန့်ကျင်ရမှာ ရှုတ်ချရမှာပေါ့” လို့ ဆိုပါတယ်။
ဒါကြောင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းဖယ်ရှားရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးဟာ တော်လှန်ရေးရဲ့တိုက်ပွဲနည်းလမ်းတွေအားကောင်းမှသာ ပန်းတိုင်သို့အမြန်ရောက် ရှိမယ်လို့ သောင်ရင်းဆွေးနွေးပွဲက ဘုံသဘောထား ထုတ်ပြန်ခဲ့တာပါ။
နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးနည်းလမ်းနဲ့ စစ်ရေးနည်းလမ်းတွေကို ဖော်ဆောင်ရာမှာ နွေဦးအင် အားစုအားလုံးက ဆက်နွယ်ရာဒေသအလိုက် မဟာဗျူဟာမြောက် မဟာမိတ်စုဖွဲ့ဆောင်ရွက်ဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖယ်ရှားပြီးရင် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို ဒီမိုကရေစီ နှုန်းစံတန်ဖိုးတွေနဲ့ တည်ဆောက်ပြီး ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအား ကောင်းရေး Bottom Up Federalism ကို အခြေခံရမယ်လို့ ထုတ်ပြန်ချက်မှာ ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ