ဝါရှင်တန်၊ ဇန်နဝါရီ ၂၃
ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ သမ္မတ ဗလာဒီမာ ပူတင် ပျက်ကွက်ခဲ့ရင် ရုရှားအပေါ် အခွန်တွေ တိုးမြှင့်ပြီး နောက်ထပ် အရေးယူပိတ်ဆို့မှု အသစ်တွေ ပြုလုပ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သတိပေးလိုက်ပါတယ်။
သူ့ရဲ့ ကိုယ်ပိုင်လူမှုမီဒီယာ Truth ပေါ်မှာ သမ္မတ ထရန့်က ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး သူ့ရဲ့ တွန်းအားပေးမှုဟာ ရုရှားနဲ့ သမ္မတပူတင်ကို အကြီးကြီး ကူညီပေးနေတာ ဖြစ်တယ်လို့ ရေးသား ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှား စတင်ခဲ့တဲ့ ကျူးကျော်စစ်ကို သမ္မတ ဖြစ်လာတာနဲ့ နှစ်ဆယ့် လေးနာရီအတွင်း အဆုံးသတ်အောင် လုပ်ဆောင်မယ်လို့ ထရန့်က အရင်က ပြောဆိုခဲ့ဖူးပါတယ်။
အဲဒီလို ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ရုရှားက မှတ်ချက် မပေးသေးပေမယ့် အကြီးတန်းအရာရှိတွေကတော့ မော်စကိုအနေနဲ့ အမေရိကန် အစိုးရအသစ်နဲ့ ညှိနှိုင်းရေး အခွင့်အလမ်း နည်းနည်းလေးပဲ ရှိတယ်လို့ မကြာသေးခင်က ပြောဆိုထားပါတယ်။
၂၀၁၄ ခုနှစ်မှာ ပထမဆုံး စတင်ခဲ့တဲ့ စစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းဖို့ ပြင်ဆင်ထားတယ်လို့ သမ္မတ ပူတင်က အကြိမ်ကြိမ် ပြောဆိုထားပါတယ်။
ဒါပေမဲ့ နိုင်ငံ့ နယ်မြေ ၂၀ ရာခိုင်နှုန်းကို ရုရှား သိမ်းပိုက် ရရှိထားမှုနဲ့ပတ်သက်လို့ ယူကရိန်းက လက်ခံရမှာ ဖြစ်ပြီး နေတိုးအဖွဲ့သို့ မဝင်ရောက်ရဘူးလို့လည်း သမ္မတ ပူတင်က တောင်းဆိုထားပါတယ်။
လက်ရှိ သိမ်းပိုက်ခံထားရတဲ့ နယ်မြေ တချို့ကို ယာယီ လက်လွှတ် ပေးလိုက်ရနိုင်တယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံထားပေမယ့် ယူကရိန်းတို့က သူတို့ရဲ့ နယ်မြေတွေကို လက်မလွှတ်ချင်ကြပါဘူး။
သိပ်မကြာခင် ပူတင်နဲ့ ဆွေးနွေးသွားမယ်လို့ ထရန့်က ဇန်နဝါရီ ၂၁ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
ယူကရိန်း စစ်ပွဲအတွက် သဘောတူညီမှု ရယူချိန် ကျရောက်ပြီလို့ ထရန့်က ပြောကြားပြီး အခု သဘောတူညီမှု မရယူခဲ့ရင် အခြေအနေ အဆိုးရွားဆုံး ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
ဘယ်လို သဘောတူညီမှုမျိုးမဆို ရယူခဲ့မယ်ဆိုရင် ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် အနည်းဆုံး နှစ်သိန်း လိုအပ်မှာ ဖြစ်ပြီး သူတို့ရဲ့ လုံခြုံရေးအတွက်လည်း အာမခံချက် ရှိရမယ်လို့ သမ္မတ ဇီလန်စကီးက ပြောဆိုထားတာပါ။
မိမိတို့နိုင်ငံဆီ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့မယ်ဆိုရင်လည်း အမေရိကန် တပ်ဖွဲ့ဝင်တွေ ပါရမယ်လို့ သူက ပြောကြားပါတယ်။
အခုလို ထရန့်ရဲ့ ပြောဆိုမှုနဲ့ ပတ်သက်လို့ မော်စကိုမှာ စစ်လိုလားတဲ့ ဘလော်ဂါတွေက ဒေါသတကြီး တုံ့ပြန်နေကြတယ်လို့ ဆိုပါတယ်။
Ref:BBC