စစ်ဘောင်ကျယ်လာတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့် ကျဉ်းမြောင်းလာ
ရန်ကုန် ၊ ဇန်နဝါရီ ၂၄
စစ်ရေးပဋိပက္ခကျယ်ပြန့်လာနေတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာစုရုံးခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေက တဖြေးဖြေးကျဉ်းမြောင်းလာတယ်လို့ Data for Myanmar က ဇန်နဝါရီ ၂၂ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။
အကြောင်းရင်းမှာ စစ်ရေးနဲ့ လုံခြုံရေးဘက်ကို အကဲပိုတဲ့ အမြင်သဘောထားတွေကြောင့်လို့ ၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်က ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
၂၀၂၄ တစ်နှစ်တာအတွင်း Data for Myanmar က ကောက်ယူထားတဲ့ အချက်အလက်တွေအရ မြန်မာပြည်တွင်းမှာ အကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုပေါင်း ၂၉၆၅ ကြိမ် ရှိခဲ့ပါတယ်။
အဲဒီထဲမှာ စစ်ကိုင်းတိုင်းက တစ်နိုင်ငံလုံးရဲ့ ၇၈ ရာခိုင်နှုန်းနဲ့ ဆန္ဒထုတ်ဖော်မှု အများဆုံးဖြစ်ခဲ့ပြီး ရန်ကုန်တိုင်း တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းမှာလည်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုတွေ ဆက်လက်ရှိနေဆဲလို့ ဆိုပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့အသံအဖွဲ့ရဲ့ တာဝန်ရှိသူ မဇက်ပီက အကြောက်တရားတွေကြားကနေ ကောင်းမွန်တဲ့ အုပ်ချုပ်မှုဖြစ်ဖို့ လူထုတွေက မတရားတာတွေ မကျေနပ်တာတွေကိုတော့ ထုတ်ဖော်နေမှာပဲလို့ ပြောပါတယ်။
“အာဏာရှင်တိုင်းက ပြည်သူလူထုကို အုပ်ချုပ်တဲ့အခါ အကြောက်တရားတွေထည့်ပြီး အကြောက်တရားတွေ ဖုံးလွှမ်းနေအောင် သူတို့ကတော့ အုပ်ချုပ်မှာပဲ။ လွတ်လပ်စွာ ဆန္ဒပြခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ပိတ်ပင်မှာပဲ။ ဘာကြောင့်လဲဆိုတော့ ဒါတွေက ဒီမိုကရေစီနည်းစနစ်အရ အခြေခံကျတဲ့ အရေးကြီးတဲ့အရာတွေဖြစ်တယ်။ ဆိုတော့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုတစ်ခုဖြစ်ဖို့ဆိုရင် လူထုကတရားမျှတမှု မရှိတာတွေ မကျေနပ်တာတွေကိုတော့ ဆန္ဒထုတ်ဖော်တာတွေ စီ တန်းလှည့်လည်တာတွေ လုပ်မှာပဲ။ ဒါက လူ့အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်” လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီနဲ့ နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ သ ပိတ်အင်အားစုတွေ၊ စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေးအင်အားစုတွေ၊ သာမန်ဒေသခံပြည်သူတွေနဲ့ အလုပ်သမားတွေဆိုပြီး အုပ်စု ၄ ခု ရှိပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီနဲ့ နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ သပိတ်အင်အားစုတွေ ဦးဆောင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုပေါင်း ၂၈၄၆ ကြိမ်ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာတင် ၈၀ ရာခိုင်နှုန်းနဲ့ အများဆုံးရှိခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
သပိတ်အင်အားစုတွေဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးဖိနှိပ်မှုတွေကြားကနေ ကျေးလက်နဲ့ မြို့ပြမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေ အများဆုံးလုပ်ဆောင်နေကြသူတွေပါ။ စစ်ကောင်စီက ရန်ကုန်၊ မန္တလေး၊ ကလေးစတဲ့ မြို့ကြီးက သပိတ်ဦးဆောင်သူတွေနဲ့ သပိတ်အဖွဲ့ဝင်တွေကို ဖမ်းဆီးထောင် ချတာတွေလည်း ရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းကာလအတွင်း နှစ်ပတ်လည်နေ့တိုင်း တစ်နိုင်ငံလုံးအနှံ့ အသံတိတ်သပိတ် သုံးကြိမ်ပြုလုပ်ခဲ့ရာ ပထမနှစ်မှာ မြို့ပေါင်း ၁၉၆ မြို့ ၊ ဒုတိယနှစ်မှာ ၁၅၂ မြို့ နဲ့ တတိယနှစ်မှာတော့ ၆၆ မြို့သာရှိခဲ့တဲ့အတွက် တဖြေးဖြေးလျော့ကျလာတယ်လို့ Data for Myanmar က ထောက်ပြပါတယ်။
မဇက်ပီကတော့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွင်း ပြောင်းလဲလာတဲ့ အခင်းအကျင်းမှာ အ ရေအတွက်အားဖြင့် လျော့ကျလာပေမယ့် နိုင်ငံရေးနဲ့ပတ်သက်ပြီး လူထုတွေရဲ့ မကျေနပ်ချက်တွေဟာ မရပ်တန့်သေးဘူးလို့ ဆိုပါတယ်။
“နိုင်ငံရေးနဲ့ပတ်သက်ပြီး မကျေနပ်ချက်တွေ အခုချိန်အထိ ဆိုရှယ်မီဒီယာမှာ တက်ရေးနေတုန်းပဲ။ အခုချိန်အထိလည်း သာမန်ပြည်သူတွေ ဖမ်းဆီးခံရ ထောင်ချခံနေရတာ ဒီနေ့ဒီအချိန်အထိပဲ။ ဆိုတော့ အရေအတွက်အားဖြင့် နည်းသွားမယ်။ ဘာကြောင့် နည်းတာလဲပြန်ကြည့်ရင် အကုန်လုံးနီး ပါး ထောင်ထဲရောက်နေမယ်။ အကုန်လုံးနီးပါးက လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်နေမယ်။ ကျွန်မတို့ လွတ်မြောက်နယ်မြေထဲ ရောက်နေကြမယ်။ ဒါမျိုးတွေကြောင့်လည်း ပါတယ်ပေါ့။ စဖြစ်တုန်းကထက် လျော့ကျသွားတယ်လို့ တွေးရင် ဒါပေမယ့် သေချာတာတစ်ခုက ဒီနေ့ဒီအချိန်အထိ မရပ်တန့်သွားသေးဘူး။ ဆက်သွားနေတုန်းပဲလို့ ကျွန်မအနေနဲ့ သုံးသပ်မိပါတယ်” လို့ ပြောပါတယ်။
ပဋိပက္ခဒေသတွေမှာ နေထိုင်တဲ့ သာမန်ဒေသခံပြည်သူတွေက တစ်နှစ်အတွင်း ဆန္ဒထုတ်ဖော်မှုပေါင်း အကြိမ် ၄၀ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပါတယ်။ အခြားသော ကချင်၊ ကရင်နဲ့ ချင်းပြည်နယ်အပြင် မကွေးတိုင်းနဲ့ ရှမ်းမြောက်မှာလည်း ဆန္ဒထုတ်ဖော်မှုတွေရှိခဲ့တယ်လို့ အစီရင် ခံစာက ဖော်ပြပါတယ်။
ဒေသခံပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေထဲမှာ သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တွေနဲ့ ပတ်သက်ပြီး တောင်းဆိုဆန္ဒပြတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေးအင်အားစုတွေဦးဆောင်တဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုမှာတော့ တစ်နှစ်အတွင်း ၇၇ ကြိမ် ရှိခဲ့ပြီး ရှမ်းမြောက်နဲ့ ရခိုင်ကစစ်ရေးပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး ဆန္ဒထုတ်ဖော်တာနဲ့ တပ်ထောက်ခံပွဲတွေ ပါဝင်ပါတယ်။
နောက်ဆုံးအုပ်စုမှာပါဝင်တဲ့ စက်ရုံအလုပ်ရုံ အလုပ်သမားတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေကို အများအားဖြင့် ရန်ကုန်တိုင်းထဲက ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ တွေ့ရပြီး တစ်နှစ်အတွင်း ဆန္ဒပြမှုပေါင်း ၉ ကြိမ်ရှိခဲ့ပါတယ်။
မြေပြင်မှာတော့ အခုအရေအတွက်ထက် ပိုများနိုင်ပြီး လုပ်ခလစာ ခွင့်ရက်နဲ့ အချိန်ပိုကြေးကိစ္စတွေအပြင် ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ အလုပ်ရှင်ကို အရေးယူပေးဖို့ တောင်းဆိုတာတွေလည်းရှိခဲ့တယ်လို့ အစီရင်ခံစာကနေ သိရပါတယ်။
စစ်ကောင်စီအပါအဝင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်မှုတွေကို ပိတ်ပင်တာ ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေ မလုပ်သင့်သလို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ မချမှတ်သင့်ဘူးလို့ Data for Myanmar က အကြံပြုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ