ရေး၊ ဇန်နဝါရီလ ၂၂

မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာကနေတစ်ဆင့် အတွင်းဘက်ကျေးရွာတွေဆီ ကုန်စည်သယ်ယူခွင့် စစ်ကောင်စီ ကန့်သတ်ပိတ်ထားလို့ ပြည်သူတွေ အငတ်ဘေးကြုံလာနိုင်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ လူသားချင်းစာနာမှုနဲ့ ကယ်ဆယ်ရေးဌာနမှူး မိသုတဇဝ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျုံလောင်းရွာဟောင်းအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဇန်နဝါရီ ၁၂ ရက်နေ့လောက်ကစပြီး ကျုံလောင်းရွာသစ်ကနေ အတွင်းဘက်ခြမ်း ကျေးရွာတွေဆီ စစ်ကောင်စီဘက်က ကုန်စည်သယ် ယူခွင့် ကန့်သတ်လိုက်တာလို့ ဆိုပါတယ်။

ရွာသူရွာသားတွေရဲ့ စားနပ်ရိက္ခာတွေကို သိမ်းဆည်းမှု၊ ပိတ်ပင်မှုဟာ လူ့အခွင့်အရေးနဲ့မညီသလို အကြမ်းဖက်လုပ်ရပ်တွေသာဖြစ်ကြောင်း ဌာနမှူးမိသုတဇဝ်က ပြောဆိုထားတာပါ။

ကုန်စည်သယ်ယူခွင့် ကန့်သတ်ပိတ်ပင်လိုက်တာကြောင့် ပုံမှန်လမ်းကြောင်းတွေကနေ သယ်ယူမရတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေကနေ သယ်ယူနေလို့ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ အလွယ်တကူ တင်သွင်းခွင့်မရလို့ ကုန်ပစ္စည်းပြတ်လပ်တာတွေလည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီဘက်က ကန့်သတ်မှုတွေကြောင့် စစ်ရှောင်ပြည်သူတွေနေထိုင်နေရတဲ့ ဒေသတွေမှာ ဆန်အမျိုးအစားပေါ်မူတည်ပြီး တစ်အိတ်ကို ကျပ် ၃၀၀၀၀ ကျော်ထိ ဈေးမြင့်တက်သွားခဲ့တာပါ။ ဒါ့အပြင် စက်သုံးဆီတစ်လီတာ ကျပ် ၇၀၀၀ ခန့်၊ ပုဇွန်နှစ်ကောင်ဆီ တစ်လီတာတစ်ဘူး ကျပ် ၉၀၀၀ ကျော် အပါအဝင် ဆား၊ အချိုမှုန့်၊ ငရုပ်၊ ကြက်သွန်စတဲ့ အခြေခံစားသောက်ကုန်ဈေး နှုန်းတွေလည်း နှစ်ဆနီးပါးတက်ကုန်သလို ပိုက်ဆံရှိရင်တောင် လိုသလောက်ဝယ်မရတဲ့ ပြဿနာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က အခုလိုကန့်သတ်မှုတွေ ရေရှည်လုပ်ဆောင်နေမည်ဆိုပါက အတွင်းဘက်ကျေးရွာတွေက စစ်ဘေးရှောင်တွေနဲ့ဒေသခံတွေ အငတ်ဘေးဆိုက်လာနိုင်တယ်လို့ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ကျုံလောင်း၊ ကျောက်မိချောင်း၊ အိုင်ရှည်၊ ဝယ်ပေါင်၊ ကမ်းနီ၊ ရစ်ချောင်းစတဲ့ ကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော်စစ်ဘေးရှောင်နေရပြီး နှစ်ပတ်ကျော်တဲ့အထိ နေရပ်မပြန်ကြရသေးတဲ့အပြင် စားနပ်ရိက္ခာနဲ့အနွေးထည်၊ စောင်၊ ဆေးဝါးတွေပါ လိုအပ်နေတာ ဖြစ်ပါတယ်။

လက်ရှိစစ်ဘေးရှောင်တွေအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့မိတ်ဖက်အဖွဲ့အစည်းတွေ၊ မွန်ပြည်သူတွေရဲ့ စုပေါင်းလှူဒါန်းငွေတွေအတွက် လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆေးဝါး၊ စောင်စတာတွေကူညီပေးနေပေမယ့် စစ်ဘေးရှောင်တွေ အားလုံးလွှမ်းခြုံနိုင်အောင် မကူညီပေးနိုင်သေးတာကြောင့် အကူအညီတွေလည်း လိုအပ်နေသေးတယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ မွန်၊ ကရင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တော်လှန်ရေးအင်အားစုတို့ဟာ စကခ – ၁၉ နဲ့ ၄ မိုင်အကွာ ကျုံလောင်းကျေးရွာအနီးမှာ ဇန်နဝါရီ ၈ ရက်နေ ၁၁ ရက်နေ့ထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ၁၉ ရက်နေ့ထိ တိုက်ပွဲငယ်လေးတွေက ဆက်လက်ဖြစ်ပွားနေတာပါ။

တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီဘက်က ၇၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးကျော်ဒဏ်ရာရထားသလို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရတယ်လို့ မွန်ပြည်တော် လှန်ရေးတပ် MSRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေဘက်ကလည်း ကျုံလောင်းရွာဟောင်းတဝိုက်ကနေ ပြန်မဆုတ်ကြသေးလို့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲထပ်ဖြစ်မယ့် အခြေအနေမှာ ရှိနေသေးတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.