မော်လမြိုင် ၊ ဇန်နဝါရီ ၂၁
အာဏာသိမ်းမှု လေးနှစ်ပြည့်ခါနီးမှာ မွန်လက်နက်ကိုင်တော်လှန်ရေး ၄ ဖွဲ့ဟာ စစ်အာဏာရှင်စနစ်ကို တစ်သံတစ်မိန့်တည်း အတူတကွတိုက်ဖျက်ဖို့ ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းလိုက်ပါတယ်။
ရာမညပူးတွဲစစ်ကြောင်းကိုတော့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်သစ်ပါတီ AD ရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA-AD၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ ပါဝင်ပါတယ်။
တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ဖို့ ပထမအဆင့်အနေနဲ့ မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့က ပူးတွဲစစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ သဘောတူ ဆုံးဖြတ်ထားကြတာပါ။
အဲဒီနောက်ပိုင်း ပူးတွဲစစ်ဆင်ရေးအတွက် ဇန်နဝါရီ ၁၇ ရက်နေ့က လွတ်မြောက်တစ်နေရာမှာ ထပ် မံတွေ့ဆုံကာ ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းခဲ့တာလို့ မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့က ဇန်နဝါရီ ၁၉ ရက်နေ့မှာ ကြေညာပါတယ်။
ရာမညစစ်ကြောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သီရိမွန်ချမ်းက တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြန့်ကြဲနေတာထက်စာရင် အခုလိုစုစည်းနိုင်တာက ဗျူဟာမြောက်စစ်ဆင်ရေးတွေ ပိုလုပ်လာနိုင်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုလိုမျိုး ဗျူဟာမြောက်စစ်ကြောင်းဖွဲ့ပြီး ကျစ်ကျစ်လစ်လစ် စုစုစည်းစည်းနဲ့ စစ်ဆင်ရေးတွေ လုပ်နိုင်တာက အရင်တုန်းက တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြန့်ကြဲပြီး တစ်သီးတစ်ခြားစီ လုပ်နေတာထက်စာရင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ ပိုပြီးလုပ်လာနိုင်မှာပါ” လို့ ဆိုပါတယ်။
လှုပ်ရှားနယ်မြေကိုတော့ မွန်ပြည်နယ်တစ်ခုလုံးကို သတ်မှတ်ထားပေမယ့် ဆက်စပ်ဒေသဖြစ်တဲ့ ကရင်နဲ့ တနင်္သာရီကိုလည်းလိုအပ်သလို မဟာမိတ်တပ်တွေနဲ့ ပူးတွဲပြီးစစ်ဆင်ရေးတွေလုပ်ဆောင် သွားမယ်လို့ သူကဆက်ပြောပါတယ်။
မွန်ပြည်နယ်မှာရှိတဲ့ သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ကျိုက်မရော၊ မုဒုံတောင်ပိုင်း၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ဒေသတွေပါ။
ဒါပေမယ့် ပြီးခဲ့တဲ့အာဏာသိမ်းကာလတွေအတွင်း အခြားတိုင်းရင်းသားဒေသတွေလိုမျိုးစစ်ကောင် စီ တပ်စခန်းတွေ ဌာနချုပ်တွေကို တိုက်ခိုက်သိမ်းပိုက်မယ့် မြို့သိမ်းစခန်းသိမ်း စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ခြင်း မရှိခဲ့ပါဘူး။
ဒေါက်တာသီရိမွန်ချမ်းကတော့ ဖွဲ့စည်းလိုက်တဲ့ ရာမညစစ်ကြောင်းဟာ စစ်ကောင်စီရဲ့ တပ်ရင်းကိုဖြစ်စေ အရေးကြီးတဲ့စစ်ဌာနကိုဖြစ်စေ တိုက်ခိုက်သိမ်းပိုက်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။
“ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ဖို့ တပ်ရင်းတစ်ခုကိုဖြစ်စေ အရေးကြီးတဲ့ စစ်စခန်းတစ်ခုကို ဖြစ်စေ အချက်အခြာကျတဲ့ နယ်မြေ ဒါမှမဟုတ် တပ်စခန်းတစ်ခုခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ စုဖွဲ့ထားတဲ့အတွက်ကြောင့် တပ်ရင်းတစ်ခုဖြစ်စေ အရေးကြီးတဲ့ စစ်ဌာနတစ်ခုဖြစ်စေ တိုက်ခိုက်သိမ်းပိုက်ဖို့ ကျွန်တော်တို့ ရည်မှန်းချက်ချထားပါတယ်” လို့ ဆိုပါတယ်။
အချက်အခြာကျတဲ့ ဗျူဟာမြောက်စစ်ဆင်ရေးတွေကိုလည်း မဟာမိတ်အဖွဲ့အစည်းတွေဖြစ်တဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က PDF တွေအပြင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့တွေနဲ့လည်း လိုအပ်သလို ပူးတွဲစစ်ဆင်ရေးတွေ လုပ်သွားမယ်လို့ ဆက်ပြောပါတယ်။
မွန်လူထုတွေကတော့ မွန်တော်လှန်ရေးအဖွဲ့တွေအားလုံးကို မွန်အမျိုးသားလွတ်မြောက်ရေးအ တွက် Chain of Command (CoC) အမိန့်ပေးကွပ်ကဲမှုစနစ်အောက်မှာ အတူတကွ တိုက်ပွဲဝင်ဖို့ ဆန္ဒရှိနေကြတာပါ။
ဒေသတွင်း စစ်ရေးအခြေအနေကို လေ့လာနေသူတစ်ဦးက အခုနှစ်မှာ မွန်တော်လှန်ရေးအဖွဲ့တွေ စုစုစည်းစည်းလုပ်နိုင်ရင် မွန်လူထုကလည်း ဝန်းရံ့ထောက်ပံ့မှုတွေ အားကောင်းလာမယ်လို့ သုံးသပ်ပါတယ်။
“၂၀၂၅ ကတော့ မွန်တော်လှန်ရေးအဖွဲ့တွေရဲ့ chain of command (CoC) အားကောင်းလာမယ့်နှစ်လို့ ပြောလို့ရတယ်။ ဒီအပေါ်မှာ မွန်လူထုကလည်း အားရကျေနပ်ကြမယ်လို့ထင်ပါတယ်။ တော် လှန်ရေးအဖွဲ့တွေအကြား စုစုစည်းစည်းလုပ်နိုင်ရင် လူထုရဲ့ဝန်းရံမှုနဲ့ ထောက်ပံ့မှုကလည်း အား ကောင်းလာမှာပါ။ မွန်တော်လှန်ရေးက အာဏာသိမ်းပြီး လေးနှစ်အကြာလောက်မှ အားကောင်းလာတာက တနည်းအားဖြင့် ကောင်းပါတယ်။သူတို့ရှေ့မှာ တခြားအဖွဲ့တွေရဲ့မှားယွင်းချွတ်ချော်မှုတွေကို late-comer advantage အနေနဲ့ သင်ခန်းစာယူနိုင်ကြမယ်ထင်တယ်”လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာ နွေဦးတော်လှန်ရေးနဲ့အတူ လက်နက်ကိုင်တပ်ဖွဲ့ပေါင်း ၃၀ ထက်မနည်း ပေါ် ပေါက်လာတဲ့ထဲက မွန်တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ကြတာပါ။
အဲဒီထဲမှာ မွန်ပြည်ကာကွယ်ရေးတပ် MSDF၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်လွတ် မြောက်ရေးတပ်တော် MLA တို့ဟာ အာဏာသိမ်းမှုအစောပိုင်းနဲ့ နှောင်းပိုင်းကာလတွေမှာ ဖွဲ့စည်းခဲ့ကြပါတယ်။
သက်တမ်းရင့်မိခင်ပါတီကနေ ခွဲထွက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA-AD ကတော့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီကျမှသာ စစ်ကောင်စီကို တိုက်ခိုက်ဖို့ ပါဝင်လာတာပါ။
လက်ရှိမှာတော့ အဲဒီ မွန်တော်လှန်ရေး ၄ ဖွဲ့ဟာ ရာမညပူးတွဲစစ်ကြောင်းအဖြစ် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲတွေအတွက် တစ်စုတစ်စည်းတည်း ဖြစ်နေပါပြီ။
တစ်ဘက်မှာ သက်တမ်းသုံးနှစ်ရှိတဲ့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO ကလည်း ရာမညပူးတွဲစစ်ကြောင်းမှာပါတဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး အလုံးစုံပူးပေါင်းသွားမယ်လို့ ကြေညာထားတာပါ။
ရာမညစစ်ကြောင်း ပြန်ကြားရေးဌာန ဒုတာဝန်ခံ နိုင်မာဃက ဒါဟာ မွန်တပ်တော်ဖြစ်ထွန်းလာရေးကို အကောင်အထည်ဖော်ဖို့ ပထမခြေလှမ်းဖြစ်ပြီး လူထုတွေအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ အခုလို တိုက်တွန်းပါတယ်။
“ဒီစစ်ကြောင်းစုဖွဲ့ရတဲ့ ရည်ရွယ်ချက်ကိုက အနာဂတ်မှာ မွန်တော်လှန်ရေးတပ်တွေအားလုံး ပူး ပေါင်းပါဝင်တဲ့ မွန်တပ်တော်တစ်ခုတည်းဖြစ်ပေါ်လာရေးမူကို ဆက်လက်ပြီး အကောင်အထည် ဖော်သွားနိုင်ဖို့ ပထမခြေလှမ်းအနေနဲ့ ကျွန်တော်တို့ လုပ်ကြတာဖြစ်တယ်။ ဒီအပေါ် မွန်ပြည်သူ လူထုတွေအနေနဲ့ ဝိုင်းပြီး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုတယ်။ ထောက်ပံ့နိုင်တဲ့သူက ထောက်ပံ့တဲ့ အလုပ်ကိုလုပ်ပြီး လူငယ်လူရွယ်တွေအနေနဲ့လည်း ဒီတော်လှန်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ကိုလည်း ကျွန်တော်တိုက်တွန်းလိုပါတယ်”လို့ ဆိုပါတယ်။
မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ဟာ ရာမညစစ်ကြောင်းမဖွဲ့စည်းခင်ကတည်းက ဇန်နဝါရီ ဒုတိယပတ်မှာ စတင်ခဲ့တဲ့ ရေးမြို့နယ်ရှိ ကျုံလောင်းတိုက်ပွဲမှာ အခြားမဟာမိတ်တွေနဲ့အတူ စစ်ကောင်စီတပ်ကို အတူတကွ တိုက်ခိုက်နေကြတာပါ။
ရာမညစစ်ကြောင်းရဲ့ ပွဲဦးထွက် စစ်ဆင်ရေးကိုတော့ အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ စီမံချက်တွေ ချ မှတ်ထားပြီးဖြစ်တဲ့အတွက် မွန်လူထုတွေအနေနဲ့ သတိဝိရိယရှိရှိနေကြဖို့ ဒေါက်တာသီရိမွန်ချမ်းက တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media