မော်လမြိုင် ၊ ဇန်နဝါရီ ၂၀
မွန်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ ရဲ့ ပူးတွဲစစ်ဆင်ရေးလုပ်ငန်းတွေအတွက် ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းပြီး ပူးတွဲစစ်ဆင်ရေးတွေ ပြုလုပ်သွားမယ်လို့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၇ ရက်နေ့က မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA-AD၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ လွတ်မြောက်နယ်မြေတစ်နေရာမှာ တွေ့ဆုံခဲ့ကြတာပါ။

အဲဒီတွေ့ဆုံဆွေးနွေးမှုအတွင်း ပူးတွဲစစ်ဆင်ရေးတွေအတွက် ရာမညစစ်ကြောင်းကို ဖွဲ့စည်းလိုက်တာ ဖြစ်ပြီး အသေးစိတ်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ မွန်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ရဲ့ ကနဦး တွေ့ဆုံမှုမှာ မွန်တော်လှန်ရေးတပ်တွေ အားလုံးပါဝင်တဲ့ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ဖို့ သဘောတူညီခဲ့ကြတာပါ။

ပထမအဆင့်အနေနဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က ပူးတွဲပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ သဘောတူညီမှုရရှိခဲ့ကြပြီးနောက်ပိုင်း အခုလို ရာမညစစ်ကြောင်းကို ဖွဲ့စည်းလာတာဖြစ်ပါတယ်။
စစ်ဆင်ရေးတွေ ဖော်ဆောင်ရာမှာ မွန်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ရဲ့ သက်ဆိုင်ရာဒေသအပြင် မွန်ပြည်နယ်နဲ့ ဆက်စပ်တဲ့ဒေသတွေမှာ ပူးတွဲလုပ်ဆောင်သွားမယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ပြောဆိုထားတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MSRF/NMSP AD