“ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ မီးလောင် ပျက်စီးဆုံးရှုံးမှုတွေ လွတ်မြောက်နိုင်ဖို့အတွက် ကျွန်တော်တို့ စကားပြောဖို့ လိုအပ်တဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ အားလုံးနဲ့ ကျွန်တော်တို့ ထိတွေ့ဆက်ဆံနိုင်အောင် ကြိုးပမ်းဆောင်ရွက်လိုတဲ့ အာသီသကို ပြောတာပါ” – ဗိုလ်မှူးကြီး စောကျော်ညွန့်

ပြည်တွင်းမှာ နိုင်ငံရေးဘောင် ချဲ့ထွင်တဲ့ လုပ်ငန်းစဉ်ကို တိုးမြှင့် ဆောင်ရွက်မယ့်အကြောင်း အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း မဟာမိတ် ၇ ဖွဲ့ရဲ့ အွန်လိုင်းကနေ လုပ်တဲ့ ဦးဆောင်အဖွဲ့အစည်းအဝေးကနေ အသိပေးခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ပြောဆိုခဲ့ကြတဲ့ အဓိကအချက်တွေထဲမှာ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေရေးဆိုတဲ့ အချက်ပါဝင်နေတာ တွေ့ရပါတယ်။

အစည်းအဝေး ဆွေးနွေးချက်ထဲမှာ ပါဝင်တဲ့ သက်ဆိုင်သူ အားလုံးဆိုတာ ဘယ်လိုအဓိပ္ပါယ်ရပါသလဲ။ အားလုံးပါဝင်တဲ့ နိုင်ငံရေးအစည်းအဝေး လုပ်ဖို့ အချိန်ကာလသတ်မှတ်ထားတာမျိုး ရှိသလား။ နိုင်ငံရေးဘောင် ချဲ့ထွင်ဖို့ လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေက ဘာတွေလဲဆိုတာ သိရဖို့ 7 EAO Alliance အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ သံလွင်တိုင်းမ်က အခုလိုမျိုး မေးမြန်းကြည့်ထားပါတယ်။

မေး – 7 EAO Alliance အဖွဲ့ရဲ့ ဆွေးနွေးပွဲ ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာရေးတို့ ဆရာတို့ ပြောနေတာရှိတော့ အဲဒီသက်ဆိုင်သူတွေအားလုံးဆိုတာ ဘယ်သူတွေကို ဆိုလိုတာပါလဲ။

ဖြေ – 7 EAO Alliance ဉီးဆောင်အဖွဲ့ရဲ့အစည်းအဝေး တတိယအကြိမ်ပေါ့။ ကျင်းပခဲ့တာမှာ သတင်းတင်ပြချက်ကတော့ ဟုတ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ အကြပ်အတည်းလို့ပဲ ပြောပြော။ 

ဒီ နှစ်နှစ်တာကာလအတွင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် ကျွန်တော်တို့ 7 EAO Alliance အဖွဲ့အနေနဲ့ ဒါနိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေဖြစ်တဲ့အတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနဲ့ အဖြေရှာခြင်းကသာလျှင် ကျွန်တော်တို့ ပြည်ထောင်စုအတွက် ထိခိုက်နစ်နာမှု အနည်းဆုံးနဲ့ အသက်သာဆုံးလမ်းကို ရွေးချယ်နိုင်မှာဖြစ်တယ်။

တွေ့ဆုံဆွေးနွေးရေးလို့ပြောတဲ့ သက်ဆိုင်သူများ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာကလည်း အဓိကကတော့ လက်ရှိ အခက်အခဲ အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့ဆိုရင် ဘယ်အဖွဲ့အစည်းတွေ ပါမလဲဆိုတာကတော့ ဒီအချိန်မှာ အဓိကကတော့ ကျွန်တော်တို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခက်အခဲအကြပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက်ဆိုရင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်ရမယ်။ 

ဒီမိုကရေစီလို့ ပြောလိုက်မယ်ဆိုလည်း ပြည်သူလူထုထောက်ခံမှုအားကောင်းတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေပါဝင်ရမှာ ဖြစ်သလို ဖက်ဒရယ်လို့ပြောလိုက်မယ်ဆိုရင်လည်း တိုင်းရင်းသားလက်နက်ကိုင်စတဲ့ ပါဝင်သင့် ပါဝင်ထိုက်သူတွေကို ကျွန်တော်တို့အနေနဲ့ နားလည်ထားပါတယ်။ 

ကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် စကားပြောဆိုတဲ့ နေရာမှာ ဒီမိုကရေစီဘက်မှာ ပါသင့်ပါထိုက်တဲ့ အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေ အကုန်လုံးပါဝင်ရမှာ ဖြစ်သလို ဖက်ဒရယ်လို့ ပြောလိုက်ရင် ပါသင့်ပါထိုက်တဲ့ တိုင်းရင်သားလူမျိုး နိုင်ငံရေးအဖွဲ့အစည်း ပါဝင်ရမှာဖြစ်ပါတယ်။ 

လက်ရှိ အခက်အခဲကိုကျော်လွှားနိုင်တဲ့ စကားမပြောမဖြစ် မတွေ့မဖြစ် မပါမဖြစ် ပါဝင်သင့်ပါထိုက်တဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေအားလုံးကို ကျွန်တော်တို့အနေနဲ့ ဆိုလိုခြင်းဖြစ်ပါတယ်။

မေး – သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်ဖို့ ဆရာတို့အနေနဲ့ အချိန်ကာလသတ်မှတ်ထားတာ ရှိလား။

ဖြေ – ကျွန်တော်တို့နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေက စစ်ဘောင်က အရမ်းကိုကျယ်ပြန့်ပြီးတော့ နိုင်ငံရေးဘောင်က မရှိသလောက်ကို ကျဉ်းမြောင်းနေတဲ့ ကာလဖြစ်လို့ ခုနက ကျွန်တော်တို့ပြောနေတဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ အင်မတန်မှပဲ မျက်နှာငယ်တဲ့အချိန်ဖြစ်တယ်။ 

အခက်အခဲတွေ စိန်ခေါ်မှုတွေ ကြီးကြီးမားမားရှိနေတဲ့အချိန် ဖြစ်တယ်။ တွေ့ဆုံဆွေးနွေးရေး သဘောသဘာဝက သက်ဆိုင်တဲ့ဘက် အားလုံးကနေပြီး နှစ်ဖက်စလုံးက ပူးပေါင်းပါဝင်မှုရှိရမယ်။

 တန်းတူရည်တူ ပူးပေါင်းပြီး အကောင်အထည်ဖော်နိုင်တဲ့ လုပ်ငန်းစဉ်ဖြစ်ဖို့လည်း အရေးကြီးတဲ့အတွက်ကြောင့်မို့လို့ ဆွေးနွေးမယ့်အကြောင်းအရာ ဆွေးနွေးမယ့် အချိန်အခါ ကျွန်တော်တို့ အားလုံးကနေပြီးတော့ ကြိုတင်ညှိနှိုင်း သဘောတူညီချက်အပေါ်မှာပဲ ဖြစ်ပေါ်လာနိုင်မယ် ထင်ပါတယ်။

မေး – လက်ရှိ ပြည်တွင်းနိုင်ငံရေးဘောင်ကို ချဲ့ထွင်တဲ့လုပ်ငန်းစဉ် တိုးမြှင့်မယ်လို့ဆိုထားတော့ ဘယ်လိုမျိုး လုပ်ဆောင်သွားဖို့ စီစဉ်ထားလဲ။

ဖြေ – ပြီးခဲ့တဲ့ စက်တင်ဘာ ဦးဆောင်အဖွဲ့ အစည်းအဝေးတည်းက နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ အတွက်ဆိုရင် ကျွန်တော်တို့ သွားနေကျ လမ်းကြောင်းအတိုင်းက အဆင်မပြေဘူး။ 

ဒါကြောင့်မို့ ကျွန်တော်တို့ ဦးဆောင်အဖွဲ့ အစည်းအဝေးမှာကျတော့ လုပ်ရမယ့် အလုပ်က နှစ်ပိုင်းရှိတယ်။ ကျွန်တော်တို့ ၇ ဖွဲ့ထဲမှာလုပ်ရမယ့် အဖွဲ့တွေ ရှိသလို နံပါတ်၂ အပိုင်းကျတော့ ပြင်ပမှာရှိနေတဲ့ အင်အားစုတွေနဲ့ လက်တွဲလုပ်ဆောင်ရမယ့် အလုပ်တွေ ဖြစ်ပါတယ် ခင်ဗျ။ 

ကျွန်တော်တို့ အချင်းချင်းကြားမှာ နံပါတ်တစ် အပိုင်းပေါ့လေ။ ကျွန်တော်တို့ ၇ ဖွဲ့ကြားမှာ လုပ်ရမယ့်အလုပ်တွေမှာ အဓိကက ဖက်ဒရယ်အတွက် အခြေခံမူကို ၇ ဖွဲ့ထဲမှာ သေချာလုပ်ထားဖို့ လိုအပ်တယ်။ ပြီးတော့ ပြည်နယ် ဖွဲ့စည်းပုံအခြေခံကိုလည်း ပြည်နယ်အလိုက် ပေါ်ပေါက်လာအောင် ကြိုးပမ်းရမယ်။ 

ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လုပ်ငန်းတွေကိုလည်း တိုးမြှင့်နိုင်အောင် နည်းလမ်းရှာရမယ် စသဖြင့်ပေါ့။ ဒါကတော့ ၇ ဖွဲ့ထဲမှာလုပ်ရမယ့် အလုပ်ပါ။ 

ပြင်ပအင်အားစုတွေနဲ့ လုပ်ရမယ့်အလုပ်က တခြားညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ချဉ်းကပ်ပြီးတော့ အတူတကွ ပူးပေါင်းမှုတွေ လုပ်ဆောင်နိုင်အောင် ကျွန်တော်တို့တွေ ကြိုးပမ်းဖို့ လိုအပ်တယ်။ အဲဒါလည်း လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်။ 

ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ အကြပ်အတည်းကို ကျော်လွှားဖို့ ဆိုရင် နိုင်ငံတကာတွေက ပံ့ပိုးကူညီမှုကလည်း မျက်ကွယ်ပြုလို့ မရဘူးလို့ နားလည်တဲ့အတွက် အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း ထိတွေ့ဆက်ဆံနိုင်အောင် ကျွန်တော်တို့ ကြိုးစားကြရမယ်။ 

တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့လိုမျိုး ခေါင်းဆောင်တွေ အဖွဲ့အစည်းတွေနဲ့လည်း ထိတွေ့ဆက်ဆံပြီးတော့ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်နိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်ရမယ့် အချက်တွေကို ဆွေးနွေးညှိနှိုင်းထားပါတယ်။

မေး – ဆရာတို့ အဖွဲ့အနေနဲ့ ပြည်ပအင်အားစု တိုင်းရင်းသားညီနောင်တွေဆိုတာ ဘယ်သူတွေကို ဆိုလိုတာပါလဲ။

ဖြေ – လက်ရှိစကစနဲ့ တိုက်ပွဲပဲဖြစ်ဖြစ် မဖြစ်ဖြစ် အဲဒီဟာကို အာရုံမစိုက်ပါဘူး။ ကျွန်တော်တို့ အာရုံစိုက်နေတာကတော့ ကျွန်တော်တို့နိုင်ငံမှာ လေးနှစ်ကျော်ကြာ ကြုံတွေ့နေရတဲ့ အခက်အခဲ အကြပ်အတည်း ကျွန်တော်တို့ ပြည်သူလူထုတွေ ပေးဆပ်မှုတွေ အများကြီးပေးခဲ့ရပြီးပြီ။ 

ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ မီးလောင် ပျက်စီးဆုံးရှုံးမှုတွေ လွတ်မြောက်နိုင်ဖို့အတွက် ကျွန်တော်တို့ စကားပြောဖို့ လိုအပ်တဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ အားလုံးနဲ့ ကျွန်တော်တို့ ထိတွေ့ဆက်ဆံနိုင်အောင် ကြိုးပမ်းဆောင်ရွက်လိုတဲ့ အာသီသကို ပြောတာပါ။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.