“တော်လှန်ရေးအောင်ပွဲတွေက စစ်ကောင်စီအတွက်ရော အကျဉ်းဉီးစီးဌာနအတွက်ရော များစွာ ခြိမ်းခြောက်မှုတွေ ဖြစ်စေတယ်။ ဒါဟာ အင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်တဲ့အတွက် တော်လှန်ရေးကို ပိုပြီးအာရုံစိုက်ပြီးမှ စုစည်းညီညွတ်စွာ လုပ်ဆောင်ပေးကြဖို့ ကျွန်တော်တို့အဖွဲ့က တိုက်တွန်းချင်ပါတယ်” – ကိုသိုက်ထွန်းဦး (PPNM)
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ကြောင့် အကျဉ်းထောင်အသီးအသီးကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်က ၃၄၄ ဦးသာ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီလို လွှတ်ပေးလိုက်တဲ့အထဲမှာ ပုဒ်မ ၅၀၅ နဲ့ မတရားအရေးယူခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ လောက်ပါတယ်လို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် တကယ့်မြေပြင်က အရေအတွက်နဲ့ တော်တော်လေး ကွဲလွဲနေတယ်လို့ PPNM က ဆိုပါတယ်။
အခုလိုလွတ်ငြိမ်းပေးခဲ့တဲ့ နောက်ဆုံးအခြေအနေ၊ တဖြည်းဖြည်း လျော့နည်းလာတဲ့ နိုင်ကျဉ်း လွတ်မြောက်မှုနဲ့ လက်ရှိ အကျဉ်းထောင်တွင်းက နိုင်ကျဉ်းတွေရဲ့ အခြေအနေအကြောင်းအရာတွေ သိရနိုင်ဖို့ PPNM အဖွဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။
မေး – အရင်ဦးဆုံး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသား ပါဝင်တဲ့ အခြေအနေ ဘယ်လိုရှိလဲ ပြောပြပေးပါ။
ဖြေ – ကျွန်တော်တို့ပြုစုထားတဲ့စာရင်းတွေအရတော့ နိုင်ငံရေးအကျဉ်းသား ၃၄၄ ဦး အနည်းဆုံးပါဝင်ခဲ့တယ်။ လိုအပ်ချက်တွေအရ တချို့နယ်မြေတွေက ရှိခဲ့ရင်တောင် ၄၀၀ မပြည့်တဲ့ အရေအတွက် ရှိမယ်ဆိုတာ ကျွန်တော်တို့ အဖွဲ့က ပြောရဲပါတယ်။ စာရင်းပြုစုထားတာကတော့ ၃၄၄ ဦး ပါဝင်တယ်။ စစ်ကောင်စီပြောတာထက် အများကြီးလျော့နည်းနေတာကို တွေ့ရပါတယ်။
မေး – ဒီတစ်ခေါက် လွတ်ငြိမ်းခွင့်ပေးတဲ့အခါမှာ အရင်အခေါက်တွေနဲ့ယှဉ်ရင် နိုင်ငံရေးအကျဉ်းသား အရေအတွက် ပါဝင်တာ နည်းလား များလား။
ဖြေ – စုစုပေါင်းလွတ်တဲ့ နိုင်ငံရေးအကျဉ်းသားနဲ့တွက်မယ်ဆိုရင် ရာခိုင်နှုန်းက အရမ်းနည်းတယ်။ ပါဝင်မှု ရာခိုင်နှုန်း အရမ်းနည်းပါတယ်။ အမြဲတမ်း ၁၀ ရာခိုင်နှုန်း အောက်မှာပဲ ရှိတယ်။ တချို့လွတ်ငြိမ်းတွေဆို လေးရာခိုင်နှုန်း၊ သုံးရာခိုင်နှုန်း စုစုပေါင်းလွတ်တဲ့ လူဦးရေရဲ့ သုံးရာခိုင်နှုန်း၊ လေးရာခိုင်နှုန်းလောက်ပဲ ပါဝင်တယ်။
နိုင်ငံရေးအကျဉ်းသား လုံးဝ မပါဝင်တဲ့ လတွေလည်း ရှိပါတယ်။ အများဆုံးဖြစ်ခဲ့တာတော့ ၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့ကလွတ်ခဲ့တာက အာဏာသိမ်းအပြီးမှာ အများဆုံးလွတ်ခဲ့တာ ရှိခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်လောက် လွတ်ခဲ့တာရှိတယ်။
ဒါပေမယ့် မြေပြင်လက်တွေ့မှာ ဘယ်လောက်လွတ်ခဲ့တာတော့ ပြောဖို့ခက်ပါတယ်။ စစ်ကောင်စီဘက်က ပြောတာဖြစ်လို့ ပြန်လည်စိစစ်ဖို့လိုတယ်ဆိုတာတော့ ပြောပြချင်ပါတယ်။
မေး – နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသား မပါတဲ့ ထောင်တွေရော ရှိလား။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ – စစ်ကောင်စီ လွတ်ငြိမ်းပေးတဲ့အထဲမှာ မပါတဲ့ ထောင်တွေရှိတယ်။ လွိုင်ကော်အကျဉ်းထောင်လိုမျိုး စစ်တွေ၊ ဗန်းမော်အကျဉ်းထောင်လိုမျိုး ဂန့်ဂေါ်အချုပ်၊ ဧရာဝတီတိုင်းမှာဆိုလည်း မအူပင်၊ ပုသိမ်။ ဒီလိုထောင်ကြီးတွေတောင် မပါတာတွေ့ရတယ်။
ဒါဟာလက်ရှိ စစ်ရေးတင်းမာတဲ့ နေရာတွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးတာလို့လည်း မြင်တယ်။ အဲဒီ ထောင်တွေမှာ ၅၀၅ ပုဒ်မ နည်းနေလို့လည်း မလွတ်လာလို့လည်း ပြောလို့ရတယ်။ ဒီအခြေအနေက စစ်ကောင်စီက အသိဆုံးဖြစ်လိမ့်မယ်။
အဓိကအားဖြင့် နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်တွေမှာ ဖမ်းဆီးနှိပ်စက်ခံရတာဖြစ်တယ်။ တစ်ဦးတစ်ယောက်မှ အကျဉ်းထောင်ထဲမှာ မရှိနေသင့်ဘူး။ စစ်ကောင်စီက ရှုံးနိမ့်လာတာနဲ့အမျှ သူ့ရဲ့နိုင်ငံရေးအကျိုးအမြတ် အလဲအလှယ်လုပ်ဖို့အတွက် ဖမ်းဆီးပြန်ပေးဆွဲထားတယ်လို့ပဲ မြင်ပါတယ်။
သူရှုံးနိမ့်တဲ့နေရာမှာ အလဲအလှယ်လုပ်တဲ့နေရာမှာ သုံးနိုင်ဖို့လည်း နိုင်ငံရေးအကျဉ်းသားတွေ ရှိတဲ့ထောင်တွေ ကိုတော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရေးအတွက်ကိုလည်း လွတ်မြောက်လာမယ့် အခြေအနေကိုလည်း ၂၀၂၅ မှာ အများကြီးရှိမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
မေး – စစ်ကောင်စီက ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်အထဲမှာ နိုင်ငံရေး အကျဉ်းသားပါဝင်မှု တဖြည်းဖြည်း နည်းလာတာဟာ ဘာကြောင့်လဲ။
ဖြေ – အဓိကအားဖြင့် တော်လှန်ရေးတပ်တွေက စစ်မြေပြင်မှာ စစ်ကောင်စီကို အရှိုက်ထိအောင် ကျွန်တော်တို့ ဒါက တိုက်ခိုက်လာနိုင်တယ်ပေါ့။ အလားတူ မြို့ပြကြီးတွေမှာ သေနတ်သံတွေက မြိုင်ဆိုင်လာတယ်။ ဒီလိုအချိန်မှာ စစ်ဆုံးရှုံးလာတဲ့ စစ်ကောင်စီက တော်လှန်ရေးကြောင့် အဖမ်းခံရတဲ့သူတွေကို လွတ်ငြိမ်းမပေးချင်ဘူးပေါ့။
လွတ်ငြိမ်းပေးလိုက်သောအားဖြင့် သူတို့ကို ဆန့်ကျင်တော်လှန်သူတွေ အပါအဝင်လက်နက်ကိုင် တော်လှန်ခဲ့တဲ့သူတွေကို လွှတ်ပေးလိုက်ရင် ဒါဒုက္ခရောက်နိုင်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ စိုးရိမ်ချက်တစ်ခုရှိလို့ အခုလိုမျိုး မလွှတ်ပေးတာလို့ပဲ ကျွန်တော်တို့က သုံးသပ်ပါတယ်။
မေး – နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အခြေအနေအပေါ် PPNM အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ – အဓိကကတော့ ရွေးကောက်ပွဲနီးရင် ပြည်သူတွေကို အမြဲတမ်းလှည့်စားဖို့ စစ်ကောင်စီက ပြင်ဆင်ပါတယ်။ အခါကြီးရက်ကြီးရှိရင်လည်း သတင်းက ထွက်လေ့ရှိပါတယ်။
အထူးသဖြင့် စစ်ကောင်စီကနေ တိုက်ရိုက်ဖြန့်လို့ စစ်ကောင်စီကို တိုက်ရိုက်ထောက်ခံတဲ့ အဖွဲ့အစည်းတွေကနေ တဆင့်ဖြန့်တာ ရှိပါတယ်။ ဒါကတော့ ပြည်သူတွေကို အတွေးအခေါ် မျှော်မြင်အောင် ကောင်းသော အတွေးတွေထက်စာရင် ဆိုးသော အတွေးတွေ ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် စစ်ကောင်စီနဲ့ ညှိနှိုင်းပြီး အဆင်ပြေသွားမယ်ဆိုတဲ့ အသံမျိုးလွှင့်နေတာ တွေ့တယ်။
ဒါက အင်မတန်မှ ရည်ရွယ်ချက်ရှိရှိ လုပ်နေတဲ့ကိစ္စ ဆိုတာ သတိချပ်ဖို့ လိုအပ်တယ်။ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ထဲနေနေရတာလည်း စစ်ကောင်စီ လိုလားတဲ့ အခြေအနေတစ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လိုက်ပါ လုပ်ဆောင်ခြင်း မရှိတဲ့အတွက် အခုလိုမျိုး နေထိုင်နေရခြင်း ဖြစ်ပါတယ်။ မဟုတ်ရင် အာဏာသိမ်းပြီး ရက်အစောပိုင်းတည်းက လွတ်မြောက်လာမှာ ဖြစ်ပါတယ်။
၄ နှစ်လောက် ထိတိုင်အောင် ကျွန်တော်တို့ နောက်ပိုင်းခံရတဲ့ နိုင်ကျဉ်းတွေ တစ်နှစ်၊ နှစ်နှစ်တောင် မိဘတွေ ပူဆွေးကြရတယ်။ ဝမ်းနည်းကြရတယ်။ အဆင်မပြေကြဘူး။
လေးနှစ်ဝန်းကျင်လောက်အထိကို ထိန်းသိမ်းခံရထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အမြင်နဲ့မဟုတ်ဘဲ နိုင်ကျဉ်းတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် အင်မတန်ကိုမှ စိတ်မကောင်းစရာကောင်းတဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဉ်းအားလုံး အမြန်ဆုံး လွတ်မြောက်စေချင်တဲ့ ဆန္ဒအမြန်ဆုံး ရှိစေချင်ပါတယ်။
မေး – လက်ရှိ အကျဉ်းထောင်တွေမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသား/အကျဉ်းသူတွေရဲ့ အခြေအနေတွေရော ဘယ်လို ရှိနေလဲ။
ဖြေ – အကျဉ်းထောင်ကတော့ ထောင်ဖြစ်တဲ့အတွက် အာဏာသိမ်းပြီးတည်းက ပြောင်းလဲသွားတယ်။ ဖိနှိပ်မှု ပုံစံပြောင်းလဲသွားတာ ဖြစ်တဲ့အတွက် အဓိကက ဘာအတွက် ဖိနှိပ်မှုပြောင်းလိုက်လဲဆို နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေအတွက် ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အကျဉ်းထောင်တွေမှာ နေ့စဉ်နဲ့အမျှ ထောင်ရဲ့အုပ်ချုပ်မှု ယန္တရားထက်ပိုတဲ့ အုပ်ချုပ်မှုတွေ ဖိနှိပ်မှုတွေကတော့ ဆက်ပြီးရှိနေတယ်။ ထပ်ပြီး ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါတွေမရှိရင် တော်လှန်ရေးက အားကောင်းဖို့လိုအပ်တယ်။ တော်လှန်ရေးအားကောင်းလာတာနဲ့အမျှ လူ့အခွင့်အရေးချိုးဖောက်ဖို့ စီစဉ်နေသူတွေလည်း သူတို့ရဲ့ အစီအစဉ်တွေကို ရပ်တန့်သွားနိုင်တယ်။
ဒါကြောင့်မို့ တော်လှန်ရေးက အရေးကြီးတယ်။ တော်လှန်ရေးအောင်ပွဲတွေက စစ်ကောင်စီအတွက်ရော အကျဉ်းဉီးစီးဌာနအတွက်ရော များစွာ ခြိမ်းခြောက်မှုတွေ ဖြစ်စေတယ်။ ဒါဟာ အင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်တဲ့အတွက် တော်လှန်ရေးကို ပိုပြီးအာရုံစိုက်ပြီးမှ စုစည်းညီညွတ်စွာ လုပ်ဆောင်ပေးကြဖို့ ကျွန်တော်တို့အဖွဲ့က တိုက်တွန်းချင်ပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media