နေပြည်တော် ၊ ဇန်နဝါရီ ၄
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အဖွဲ့တွေအနေနဲ့ လက် နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံကမ်းလှမ်းလာပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ပေးပို့တဲ့ စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်နေတယ်လို့ ဆိုပါတယ်။
လက်နက်ကိုင်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ကြောင်း ကြေညာထားပြီးဖြစ်တဲ့အတွက် တော်လှန်ရေးအဖွဲ့တွေကို လက်နက်စွန့်ခိုင်းပြီး နိုင်ငံရေးဆွေးနွေးဖို့ ထပ် ပြောလာတာပါ။
ဒီအတွက် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် လက်နက်ကိုင်ပဋိပက္ခတွေနဲ့ သဘောထားကွဲလွဲမှုတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းလုပ်ဆောင်သွားဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းတာ ဖြစ်ပါတယ်။
နယ်မြေစိုးမိုးမှု လျော့ကျလာနေတဲ့ စစ်ကောင်စီက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ မကြာခဏ ဖိတ်ခေါ်လေ့ရှိပေမယ့် စစ်ရေးအသာစီးရထားတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကလွဲရင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက မျက်ကွယ်ပြု ငြင်းဆိုထားတာပါ။
စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပဖို့ ရည်မှန်းထားပြီး ပြီးခဲ့တဲ့နှစ် ကောက် ယူခဲ့တဲ့ သန်းခေါင်စာရင်းကနေ မဲစာရင်းပြုစုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပေးပို့သွားဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ၂၀၂၄ သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေစာရင်းအရ နိုင်ငံတဝန်းရှိ မြို့နယ် ၃၃၀ ရှိတဲ့ထဲက ၁၄၅ မြို့နယ် တနည်းအားဖြင့် ၄၄ ရာခိုင်နှုန်းကိုသာ သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဝန်ခံထားတာပါ။
စစ်ခေါင်းဆောင်ကတော့ စည်းစနစ်ကျနတဲ့ တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်စေရေးနဲ့ ထွက်ပေါ်လာတဲ့အစိုးရကို နိုင်ငံ့တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ သဝဏ် လွှာမှာ ကတိပြုပြောဆိုထားတာပါ။
ဒါပေမယ့် ရွေးကောက်ပွဲကျင်းပမယ့် ကာလအပိုင်းအခြားကိုတော့ ဒီကနေ့အထိ ယတိပြတ် ပြော ဆိုနိုင်ခြင်း မရှိသေးသလို စိုးမိုးနယ်မြေထဲက တိုင်းစစ်ဌာနချုပ် ၂ ခုအပါအဝင် မြို့ပေါင်း ၉၀ ကျော်ကို လက်လွှတ်ဆုံးရှုံးထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI