တောင်ငူ၊ ဇန်နဝါရီ ၄

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း (ကေတုမတီ)ကို ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့ မနက်အစောပိုင်းမှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warroir For Myanmar – BWM ထံက သိရပါတယ်။

စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၁၀ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တောင်ငူလေတပ်စခန်းဟာ နှစ်သစ်ကူးညမှာ ကရင်နီဒေသကို ဗုံးကြဲမှုအပါအဝင် နိုင်ငံတစ်ဝန်းမှ ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို စစ်ကောင်စီရဲ့ လေတပ်တွေထဲမှ တောင်ပိုင်းဒေသရှိ အရေးပါတဲ့လေတပ်စခန်းတစ်ခု ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်မှာ အင်္ဂလိပ်ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့တဲ့ မြန်မာပြည်သူတွေဟာ စစ်အာ ဏာရှင် အဆက်ဆက်လက်အောက်မှာ လွတ်လပ်မှုတွေ ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီရဲ့ အာဏာသိမ်းတဲ့နေ့မှစပြီး အဆိုးဆုံးအခြေအနေကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

လွတ်လပ်ရေးနေ့ဆိုတဲ့တိုင်အောင် စစ်အာဏာရှင် လက်အောက်မှ မလွတ်မြောက်သေးဘဲ နေ့စဉ်နဲ့အမျှ စစ်ကောင်စီရဲ့ နှိပ်စက်ညှင်းပန်းမှုအောက်မှ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေလွတ်မြောက် ရေးအတွက် အထောက်အပံ့ဖြစ်စေဖို့ အခုလို ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ BWM က ဆိုပါတယ်။

လေတပ်စခန်းပြိုလျှင် မြန်မာပြည်တစ်ဝန်းရှိ တော်လှန်ရေးအင်အားစုတွေ အနိုင်ရပြီး မြန်မာပြည်သူတွေ အာဏာရှင်လက်အောက်မှ အမှန်တကယ် လွတ်မြောက်နိုင်ပြီးလို့ ယုံကြည်တာကြောင့် BWM နဲ့အတူ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး mission 28 ကို ဖော်ဆောင်ရခြင်း ဖြစ်တယ်လို့ အသိပေးထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Brave Warroir For Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPL F)၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့ကလည်း ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်းရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် လေတပ်အရာရှိသုံးဦး အပါအဝင် အခြားအ ဆင့်စစ်သည် ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – BWM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.