မော်လမြိုင် ၊ ဇန်နဝါရီ ၄
စစ်တပ်အလဲလဲအပြိုပြို ဖြစ်နေချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တော်လှန်ရေးအတွက် ဦးဆောင်သူတွေအပါအဝင် စစ်ရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေမှာ အပြောင်းအလဲတွေ လုပ်သွားမယ်လို့ နှစ်ဆန်းပိုင်းမှာ ထုတ်ပြောလာပါတယ်။
၂၀၂၅ ခုနှစ်မှာ တော်လှန်ရေးအောင်မြင်ဖို့ လိုအပ်တဲ့ အပြောင်းအလဲတွေကို တွန့်ဆုတ်နေမှာ မ ဟုတ်ဘဲ ရဲရဲဝံ့ဝံ့ဆောင်ရွက်သွားမယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြာခဲ့တာပါ။
NUG အနေနဲ့ တော်လှန်ရေးအတွက် ပိုမိုထိရောက်တဲ့ စုဖွဲ့လုပ်ဆောင်မှုတွေကို ပြုပြင်ပြောင်းလဲသွားမှာဖြစ်သလို ဦးဆောင်မှုလိုအပ်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အုပ်ချုပ်ရေး၊ စစ်ရေးဆိုင်ရာ အား နည်းချက်တွေကိုလည်း ကြိုးစားပြင်ဆင်သွားဖို့ အသင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်အတွင်း အဆင့်ဆင့်အုပ်ချုပ်ရေးယန္တရားတွေကို ပိုမိုပြီး ပြည်သူကိုမျက်နှာမူတဲ့ ပြည်သူကို အလေးထားတဲ့ စည်းကမ်းသေဝပ်တဲ့ ယန္တရားတွေဖြစ်လာအောင် NUG အနေနဲ့ အထူးအလေး ထား ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ်က အသိပေးထားတာပါ။
မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးဆိုင်ရာ ပြောင်းလဲမှုတွေကို NUG က ပြုလုပ်သွားနိုင်ရင် တော်လှန်ရေးအတွက် ရလဒ်ကောင်းတွေ ရရှိနိုင်မယ်လို့ သုံးသပ်ပါတယ်။
“တစ်တိုင်းပြည်လုံး အတိုင်းအတာဆောင်တဲ့ ကာကွယ်ရေး စစ်ရေးဆိုင်ရာ လိုအပ်ချက် အားနည်ချက်တွေ၊ စစ်ရေးသုံးသပ်မှုတွေပြုလုပ်ပြီး ကာကွယ်ရေး စစ်ရေးဆိုင်ရာ ပြောင်းလဲမှုတွေ တိုင်းဒေသ စစ်ဒေသအသီးသီးမှာ တကွဲတပြားစီ လှုပ်ရှားနေမယ့်အစား အချိတ်ဆက်ရှိရှိ ဟန်ချက်ညီညီ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ ပြုလုပ်သွားနိုင်အောင် NUG မှ စစ်ရေးကာကွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားနိုင်ရင် တော်လှန်ရေးနဲ့ ပြည်သူတစ်ရပ်လုံးအတွက် ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိနိုင်မှာပါ”လို့ ဆိုပါတယ်။
NUG ဝန်ကြီးချုပ်ကတော့ ၂၀၂၄ ခုနှစ်အတွင်းမှာ သင်ခန်းစာယူရမယ့် ပြုပြင်ပြောင်းလဲရမဲ့ ကိစ္စများစွာရှိခဲ့ပြီး အုပ်ချုပ်ရေး၊ စစ်ရေးဆိုင်ရာ တာဝန်ရှိသူတချို့ရဲ့ ပြည်သူလူထုအပေါ် မျက်နှာမူအား နည်းတဲ့ ဆောင်ရွက်ချက်တွေ၊ တော်လှန်ရေးရဲ့ စံနှုန်းတွေကို သွေဖယ်သွားတဲ့ လုပ်ရပ်တွေ စိတ်ခံစားချက်တွေအပေါ် ရှေ့တန်းတင်ပြီး နားလည်မှု စည်းလုံးမှုတွေကို ပျက်ပြားစေခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့တာကိုလည်း ဝန်ခံသွားပါတယ်။
အကဲခတ်တွေကတော့ တော်လှန်ရေးအစိုးရဖြစ်တဲ့ NUG အနေနဲ့ ဝန်ကြီးဌာနတွေ ပြည်သူ့စီမံခန့်ခွဲအုပ်ချုပ်မှုတွေ စစ်ရေးဆိုင်ရာကဏ္ဍတွေမှာ ကျစ်လစ်ခိုင်မာဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သင့်တာကြာပြီဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိနေပြန်ပါတယ်။
NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း ဝန်ကြီးဌာနတွေအပါဝင် ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးဆိုတဲ့ ပသုံးလုံးယန္တရားတွေကို ပြုပြင်ပြောင်းလဲမယ်လို့ နိုင်ငံတော်အခြေပြ နှစ်သစ်ကူးမိန့် ခွန်းမှာ ပြောကြားခဲ့တာပါ။
အစိုးရအဖွဲ့ဝင်တွေကိုလည်း ဝန်ကြီးဌာနအလိုက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီး လက်ရှိအခြေအနေထက် ပိုမိုကျယ်ပြန့်စွာ ဦးဆောင်မယ့်သူတွေကို လိုအပ်နေတဲ့အတွက် တာ ဝန်ယူနိုင်သူတွေကိုလည်း လွှဲပြောင်းပေးဖို့ ဖိတ်ခေါ်ထားပါသေးတယ်။
လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ CDM ပြုလုပ်ခဲ့တဲ့ ကိုဇေယျက တော်လှန်ရေးတိုးတက်ပြောင်းလဲဖို့ NUG အနေနဲ့ မြေပြင်မှာ တကယ်လုပ်နိုင်တဲ့ လူငယ်တွေကို နေရာပေးသင့်တယ်လို့ ထောက်ပြပါတယ်။
“အဓိကတော့ လူငယ်တွေပေါ့၊ တက်တက်ကြွကြွနဲ့ ငယ်ရွယ်တဲ့သူတွေကို နေရာများများပေးတာက ပိုပြီးတော့ အလုပ်တွင်မယ်။ တော်လှန်ရေးရဲ့ သဘောသဘာဝက ငယ်ရွယ်တဲ့သူတွေကို နေရာပေးပြီးလုပ်တာက ပိုပြီးတော့ အကောင်းဆုံးပဲပေါ့။ ဘယ်တော်လှန်ရေးဖြစ်ဖြစ် လူကြီးတွေက ထိန်းကွပ်ပေးရုံလောက်ပဲ ကောင်းပါတယ်”လို့ ဆိုပါတယ်။
ယာယီသမ္မတကတော့ တော်လှန်ရေးကာလအတွင်း ဦးဆောင်မှုလိုအပ်ချက်တွေနဲ့ စနစ်၊ စရိုက်ဆိုးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ပြည်သူတွေအပေါ် ထိခိုက်နစ်နာစေခဲ့တာကို ဝန်ခံခဲ့ပြီး အားနည်း ချက်တွေကို ပြုပြင်ထိန်းကျောင်းတဲ့ လုပ်ငန်းစဉ်တွေ ဆက်လုပ်နေတယ်လို့ အသိပေးခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ စစ်အုပ်စုကို အပြီးသတ်ဖယ်ရှားနိုင်ဖို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံရေးအင်အားစုတွေအနေနဲ့ နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းမှုကို လက် တွေ့ပြသဖို့ အချိန်တန်ပြီလို့ သူကတိုက်တွန်းထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ NUG ရဲ့ ယန္တရားတွေ ပြုပြင်ပြောင်းလဲရေးဟာ နွေဦးတော်လှန်ရေးအပေါ် များစွာအထောက်အကူပြုလာနိုင်ပြီး စစ်အုပ်စု ပြုတ်ကျရေးအတွက် တွန်း အားပိုဖြစ်လာနိုင်တယ်လို့ ထောက်ပြကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG