သထုံ၊ ဇန်နဝါရီ ၄

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေရှိ ကျေးရွာတွေထဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာလတစ်လအတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား လေးဦး သေဆုံးခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။

KNU သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ဘားအံ၊ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်ထဲကို ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ကနေ လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၄၀ ထက်မနည်း ကျူးလွန်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘားအံနဲ့ကျိုက်ထိုမြို့နယ်တို့မှာ အရပ်သားနှစ်ဦးစီ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူငါးဦး ရှိခဲ့ပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုတွေကို ကျိုက်ထို၊ ဘီးလင်းနဲ့သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ တပ် ရင်းရှစ်ရင်းကနေ ကျူးလွန်ခဲ့တာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုသုံးကြိမ် ပြုလုပ်ခဲ့ပါတယ်။

KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်ကတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုဟာ ပြီးခဲ့တဲ့နိုဝင်ဘာနဲ့ နှိုင်းယှဉ်ရင် အကြိမ်ရေ ပိုများလာပြီး အခုနောက်ပိုင်း လေကြောင်းအန္တ ရာယ်အတွက်ပါ စိုးရိမ်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာနောက်ဆုံးအပတ်ကလည်း KNU သထုံခရိုင်ရဲ့ ဘီးလင်းမြို့နယ်နဲ့ ဘားအံမြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၁၅ ရွာက ဒေသခံ ၄၀၀၀ ထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

KNU သထုံခရိုင်နယ်မြေမှာ ဒီဇင်ဘာလအတွင်း နှစ်ဖက်တိုက်ပွဲ ၂၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.