မကွေး ဇန်နဝါရီ ၃
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး စစ်မှုထမ်းအတွက် ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးအပတ်က စလို့ ပွင့်ဖြူမြို့နယ်အတွင်းနေရာအနှံ့မှာ စစ်ကောင်စီ အင်အားတွေ တိုးချထားပြီး လူငယ်တွေကို စစ်ဆေးမေးမြန်း ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။
“အဓိကကတော့ သူတို့က လမ်းသွားလမ်းလာတွေကို ဖမ်းတယ်။ ဖမ်းတဲ့အခါမှ ရိုးရိုးဖမ်းတာမျိုး မဟုတ်ဘဲနဲ့ အကြောင်းပြချက် တစ်ခုခု ရှာပြီးဖမ်းတာပေါ့။ ပြီးမှ ဆေးစစ်တာ အောင်တယ်၊ ကျတယ်ဆိုပြီးအသိပေးတာ။ အောင်တဲ့လူတွေကရွေးလို့မရဘူး။ စစ်မှုထမ်းအတွက်လိုက်ရတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပွင့်ဖြူမြို့နယ်မှာ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရသူ ၁၄ ဦးထက်မနည်းရှိလာပြီဖြစ်ပြီး ၂ ဦးသာ ဆေးကျလို့ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီ အင်အားတွေလည်း တိုးချဲ့ချထားတာဖြစ်ပြီး တိုးချဲ့ထားသူတွေထဲမှာ မြန်မာစကားမပြောတတ်သူတွေ၊ နားမလည်သူတွေလည်းပါနေတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
“စျေးဝယ်လာတာ သုံးယောက်ယူနီဖောင်းအပြည့်အစုံနဲ့၊ မြန်မာစကားလည်းနားမလည်ဘူး။ သူတို့ပြောတာ ဘာဘာသာစကားလည်းတော့ မသိဘူး။ နောက်ပြီးတိုင်းရင်းသားပုံစံလည်း မပေါက်ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ကာကွယ်ရေးအဖွဲ့တွေကြား မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပုသိမ်-မုံရွာလမ်းပိုင်းမှာပဲ စစ်ကောင်စီက အဲဒီစစ်သားတွေကို အသုံးပြုတာလို့ သိရပါတယ်။
စစ်ကောင်စီက ပွင့်ဖြူမြို့နယ်ကို နေ့ကင်း၊ ညကင်း၊ ရှောင်တခင်စစ်ဆေးတာနဲ့ ကိုင်းတောတွေကို စစ်ကြောင်းထိုးတာမျိုးတွေကို နေ့စဉ်ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI (စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၄ ဖွင့်လှစ်ခဲ့စဉ်)