တနင်္သာရီ၊ ဇန်နဝါရီ ၃
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ချောင်းနှစ်ပေါက်နဲ့သိန်းခွန်ကျေးရွာကြားမှာ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် စစ်ရှောင် အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ ချောင်းနှစ်ပေါက်ကျေးရွာသားတွေဖြစ်တဲ့ အသက် ၄၀ ကျော်အရွယ် ဦးဇော်မင်းနဲ့ အဖော်သူ အမျိုးသားတစ်ဦးတို့ဟာ ကျေးရွာအခြေအနေ ပြန်လာကြည့်စဉ် မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။
မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ချောင်းနှစ်ပေါက်ကျေးရွာသား ဦးဇော်မင်းဟာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပြီး အဖော်ဖြစ်သူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
“စစ်ရှောင်တွေက သူတို့ရွာထဲ အသွားမှာ ထိသွားတာ။ ဒီမိုင်းက စစ်တပ်မိုင်းပါ။ သူတို့အဖွဲ့တွေက သိန်းခွန်ရွာထဲမှာ အခုအထိ တပ်စွဲပြီး နေနေတာ” လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံ ကိုဗီနိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြိတ်-တနင်္သာရီ- ဘုတ်ပြင်းပြည်ထောင်စုလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် တနင်္သာရီမြို့နယ် ရေဖြူ၊ သိန်းခွန်၊ ချောင်းနှစ်ပေါက်ကျေးရွာတို့မှာ နေ့စဉ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေတာပါ။
အဲဒီတိုက်ပွဲတွေကြောင့် ရေဖြူ၊ သိန်းခွန်၊ ထုံမခါ၊ ချောင်းနှစ်ပေါက်၊ သိန္နောကျေးရွာအပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်း ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ