ဖာပွန်၊ ဇန်နဝါရီ ၄
ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ ကတိုင်တိဒေသအတွင်းမှာ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက စခန်းမကျရေးအတွက် လေကြောင်းနဲ့ အပြင်းအထန်ခုခံနေတယ်လို့ နယ်ခံစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ကစပြီး ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့အထက်ဘက် ၁၀ မိုင်ကျော်အကွာ ကမမောင်း-ဖာပွန် ကားလမ်းပေါ် ကတိုင်တိကျေးရွာမှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကတိုင်တိကျေးရွာနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို လေကြောင်းကနေ လာရောက်ပစ်ကူတိုက်ခိုက်ပေးခဲ့သလို နှစ်ဖက်တိုက်ပွဲတွေဟာ တစ်ပတ်နီးပါးကြာလာတဲ့အထိ ဆက်လက်ဖြစ်ပွားနေတယ်လို့ နယ်ခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ကမမောင်း-ဖာပွန် ကားလမ်းပေါ်မှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်းတွေဖြစ်ကြတဲ့ ကူးဆိပ်၊ မထော၊ တောင်သုံးလုံး၊ ဆင်စွယ်စခန်းတို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေအတွင်း KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက် ကျန်ရှိနေတဲ့ ကတိုင်တိတပ်စခန်းကို ဆက်လက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ကတိုင်တိဒေသအတွင်း ဖြစ်ပွားနေတဲ့ နှစ်ဖက်စစ်ရေးပြင်းထန်မှုကြောင့် ကတိုင်တိ၊ ဘောကြိုလယ်၊ ဘောကြိုထ၊ နိုဖောထီး၊ ထီးသဲလေ စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ကမမောင်း၊ မြိုင်ကြီးငူဒေသနဲ့ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ထဲက ကျေးရွာတွေထဲကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။
စစ်ကောင်စီဘက်ကတော့ ကတိုင်တိတပ်စခန်း မကျရေးအတွက် လေကြောင်းပစ်ကူအပြင် မြိုင်ကြီးငူဒေသနဲ့ ကမမောင်းမြို့ကနေတဆင့် စစ်ကူတွေပို့ဆောင်နေပြီး စစ်ကူစစ်ကြောင်းတွေဟာ KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ရဲ့ ပိတ်ဆို့ထားမှုကြောင့် ကတိုင်တိကျေးရွာဘက်ကို မရောက်သေးဘဲ ကမမောင်းမြို့အထက်နားမှာသာ ရောက်ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဟာ လက်ရှိမှာလည်း ဖာပွန်မြို့တောင်ဘက်ခြမ်းရှိ စစ်ကောင်စီရဲ့ အခြေချစစ်ဗျူဟာနဲ့ တပ်ရင်းတွေကိုလည်း ဆက်လက်ပိတ်ဆို့ထားနေဆဲဖြစ်ပြီး ဗျူဟာစခန်းရဲ့ လက်နက်ခဲယမ်းရိက္ခာတွေအတွက် စစ်ကောင်စီတပ်က လေကြောင်းကနေသာ လာရောက်ပို့ဆောင်ပေးနေရတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ