လောင်းလုံး၊ ဇန်နဝါရီ ၂

နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီက စားသောက် ကုန်နဲ့ စက်သုံးဆီသယ်ယူခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ လေးရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် ထားဝယ်မြို့ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်က ဒီဇင်ဘာ ၂၈ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ်ထဲကို စားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူခွင့် ပိတ်ပင်လိုက်တာပါ။

လောင်းလုံးမြို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ အရင်ကပိုက်ဆံပေးပြီး သယ်လို့ရပေမယ့် လက်ရှိမှာ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်စတဲ့ အခြေခံကုန်ပစ္စည်းတွေနဲ့ စက်သုံးဆီတွေကို ကမြောကင်း စစ် ဆေးရေးတံတားဂိတ်က လုံးဝဖြတ်သန်းခွင့် မပြုတော့ဘူးလို့ ပြောပါတယ်။

တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားလာရင် အရင်ကတည်းက စားသောက်ကုန်နဲ့ စက်သုံးဆီ ဖြတ်တောက်တာတွေ ပြုလုပ်ခဲ့ပြီး လက်ရှိလောင်းလုံးမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် အခုလို ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပိတ်ပင်မှုကြောင့် ကျေးရွာတချို့မှာ စက်သုံးဆီနဲ့ စားသောက်ကုန် ဝယ်ယူစုဆောင်းသူတွေ အများအပြားရှိနေပြီး ကုန်ပစ္စည်းအများစု ပြတ်လပ်လာနိုင်တဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မြို့နယ်အတွင်းရှိ ကျေးရွာတွေကနေ နေရပ်စွန့်ခွာထွက် ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေကို ဆန်အိတ်အသေး ၁၀၀ အိတ် ထောက်ပံ့ပေးခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။

ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၂၃ ရက်နေ့ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ နှစ်ဖက် စစ်ရေးတင်းမာနေပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူနဲ့ ရေတပ်စစ်သင်္ဘောကနေ လက် နက်ကြီးနဲ့ ပစ်ကူပေးတာတွေ လုပ်ဆောင်ခဲ့ပြီး ဒရုန်းဗုံးကြဲချတာတွေပါ လုပ်ဆောင်ခဲ့တာကြောင့် ကျောက်နီမော်ကျေးရွာရှိ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

တနင်္သာရီတိုင်းရှိ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်၊ ထားဝယ်အရှေ့တောဒေနဲ့ သရက်ချောင်းမြို့ နယ် တောင်ပျောက်တိုက်နယ်တွေကို စစ်ကောင်စီတပ်က ဆန်နဲ့ ရိက္ခာသယ်ယူခွင့်တွေကို ပြီးခဲ့တဲ့ နှစ်တွေကတည်းက ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.