နေပြည်တော် ၊ ဇန်နဝါရီ ၂
တပ်စခန်းတွေနဲ့ စိုးမိုးနယ်မြေတွေ လျော့ကျလာချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေကို အပြစ်တင်ပြီး ဟန်ကိုယ့်ဖို့ လုပ်နေရပါတယ်။
တိုင်းရင်းသားခေါင်းဆောင်တချို့ဟာ ဖက်ဒရယ်အခွင့်အရေး တိုင်းရင်းသားအခွင့်အရေးလို့ ပြောနေပေမယ့် ဒီမိုကရေစီရဲ့ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည်နေကြတာလို့ စစ်ခေါင်းဆောင်က စွပ်စွဲလာတာပါ။
လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေအနေနဲ့ ခေါင်းစဉ်အမျိုးမျိုးပြပြီး ဒီမိုကရေစီစနစ်ကို လိုလားတယ်ပြောပေမယ့် လက်တွေ့မှာ လိုအင်ဆန္ဒသက်သက်နဲ့ လက်နက်ကိုင်ပဋိပက္ခကိုသာ ဖန်တီးနေတယ်လို့ ဆိုပါတယ်။
ဖြစ်ချင်တာ၊ ဖြစ်သင့်တာတွေ ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးမျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ဖို့သင့်တယ်လို့ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းမှာ စစ်ခေါင်း ဆောင်က ထည့်သွင်းပြောကြားခဲ့တာပါ။
မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ဖက်ဒရယ်ဒီမိုကရေစီအသုံးအနှုန်းတွေနဲ့ တော်လှန်ရေးခေါင်းဆောင်တွေကို စွပ်စွဲပြောဆိုနေတာဟာ အာဏာမသိမ်းခင်ကတည်းက တိုက် ခိုက်နေတာလို့ ပြောပါတယ်။
“အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ခေါင်းဆောင်တွေကို အခုလို စွပ်စွဲတိုက်ခိုက်ပြောဆိုနေတာက အာဏာမသိမ်းခင်ကတည်း ကပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတွေရဲ့ တော်လှန်ရေးသမိုင်းဖြစ်စဉ်တွေကို လေ့လာဖို့မဆိုထားနဲ့ စိတ်တောင်မဝင်စားဘဲနဲ့ အခုလို ဖက်ဒရယ်တို့ ဒီမိုကရေစီဆိုတဲ့ စကားလုံးတွေနဲ့ ကိုင်ပေါက်ပြီး ခေါင်းဆောင်ကြီးတွေကို စော်ကားမော်ကား စွပ်စွဲပြောဆိုနေတာက မဲမဲမြင်ရင် လိုက်ဟောင်နေချင်တဲ့ လမ်းဘေးအဆင့်လောက်ပဲရှိတယ်လို့ ကျွန်တော်ပြောချင်တယ်ဗျ” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဦးဆောင်ပြီး တော်လှန်ရေးမဟာ မိတ် အင်အားစုတွေက မြို့တွေ တပ်စခန်းတွေ သိမ်းလာနိုင်တဲ့အပေါ် သွေးခွဲသပ်လျှိုချင်တဲ့ ဆန္ဒနဲ့ အခုလို ထုတ်ပြောလာတာလို့ နိုင်နဂါးက ထောက်ပြပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိ ပက္ခတွေ ဆုတ်ယုတ်မှုတွေ တိုင်းပြည်ထိခိုက်နစ်နာမှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကြောင့်လို့ အမြဲတစေ အပြစ်ဖို့လေ့ရှိပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အခြေအအနေတွေမှာလည်း နိုင်ငံသားတွေရဲ့ ကောင်းကျိုးကို မလိုလားသူတွေအနေနဲ့ မြို့ရွာလုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ နယ်ပယ်အသီးသီးကို အဓိကပစ်မှတ်ထားပြီး နှောင့်ယှက်ဖျက်ဆီးခဲ့ကြတယ်လို့ စွပ်စွဲပါတယ်။
ကိုယ်နေထိုင်ရာဒေသနဲ့ လူမျိုးကို ထိခိုက်ပျက်စီးစေတဲ့ အသိဉာဏ်မဲ့သူတွေရဲ့ လုပ်ရပ်တွေဆိုပြီး အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေတဲ့ သူ့စစ်တပ်ရဲ့ လုပ်ရပ်တွေကိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစဉ်တစိုက် နှုတ်ဆိတ်နေခဲ့တာပါ။
ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက စစ်ခေါင်းဆောင်ရဲ့ လက်ရှိအ ခြေအနေဟာ လုံးဝမဟန်တော့ဘူးဆိုတာ မျက်မြင်ပဲမို့ အခြားသူတွေကို အပြစ်တင်နေတာလို့ တုံ့ ပြန်ပါတယ်။
“ကျွန်တော်တစ်ခုတည်း ပြောချင်တာက အဓိက စစ်ခေါင်းဆောင် လက်ရှိအခြေအနေအရရော သူ့ရဲ့ အခြေအနေက လုံးဝမဟန်တော့ဘူးဆိုတာ ကျွန်တော်တို့ မျက်မြင်ပဲ။ အဲဒါကြောင့်မို့ သူကဟန်ကိုယ့်ဖို့အနေနဲ့ ဟိုလူ့အပြစ်တင် ဒီလူ့အပြစ်တင်နဲ့ပဲ သူလုပ်နေတဲ့ တစ်နေ့တခြား ပိုပြီးတော့ များလာတာကို တွေ့နေရတယ်။ ဒါပေမယ့် ပြောချင်တာက အဲဒါတွေ ကျွန်တော်တို့ လုံးဝစိတ်မဝင်စားတော့ဘူး။ သူပြောတဲ့ဟာလည်း တစ်ခုမှ မလုပ်တဲ့အပေါ်မှာ ဘာမှယုံကြည်မှုမရှိတဲ့အပေါ်မှာ လုပ်စရာရှိတာ ကျွန်တော်တို့ ဆက်လုပ်သွားမယ်” လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်ဟာ အာဏာရှင်စနစ်ကျဆုံးဖို့ အင်မတန်ကောင်းမွန်တဲ့အခြေအနေအချိန်အခါဖြစ်လို့ ပြုပြင်ပြောင်းလဲရေးလိုချင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူဘက် မျက်နှာမူပြီး တော် လှန်ရေးအင်အားစုတွေနဲ့ လက်တွဲဖို့ ပဒိုစောတောနီးက တိုက်တွန်းတာပါ။
စစ်ခေါင်းဆောင်ကတော့ သူ့အနေနဲ့ နိုင်ငံအကျိုးနဲ့ ပြည်သူ့အကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်လိုတဲ့ ရည်ရွယ်ချက်သာ ရှိတယ်လို့ အကြောင်းပြပါတယ်။
ဒါ့အပြင် အာဏာသိမ်းမှုကြောင့် အတိဒုက္ခမျိုးစုံရင်ဆိုင်နေကြရတဲ့ မြန်မာပြည်သူတွေကိုလည်း လက်နက်ကိုင်အဖွဲ့တွေကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးကြဖို့ လိုအပ်ကြောင်း တိုက်တွန်းသေးတာပါ။
စစ်ကောင်စီရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ဖို့ စီမံနေပြီး နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးမယ်လို့ စစ် ခေါင်းဆောင်က ကြွေးကြော်ပါတယ်။
BNI – Myanmar Peace Monitor ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှုအတွင်း မြို့ ပေါင်း ၈၉ မြို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သိမ်း ပိုက်ထိန်းချုပ်ထားတာပါ။
အခုနှစ်အတွင်းမှာတင် ကချင်၊ ချင်း၊ ရှမ်းမြောက်၊ ရခိုင်၊ စစ်ကိုင်းနဲ့ မန္တလေးတို့မှာ စစ်ကောင်စီစိုးမိုးနယ် မြေထဲက မြို့ပေါင်း ၆၀ အထိ စံချိန်တင် လက်လွှတ်ဆုံးရှုံးထားရပြီး အဲဒီထဲက တိုင်းစစ်ဌာန ချုပ်နှစ်ခုလည်း နိဂုံးချုပ်ခဲ့ရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media