မော်လမြိုင်၊ ဇန်နဝါရီ ၂

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၁၁၆၀ မှုရှိခဲ့ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း ၂၂,၇၆၅ ဦး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီအချက်အလက်တွေဟာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ပေးပို့တိုင်ကြားလာတဲ့ အ ချက်အလက်တွေကို စနစ်တကျ ကောက်ယူပြုစုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်သားစုဆောင်းခံရမှုအရ ရခိုင်ပြည်နယ်က ၃၈၄၉ ဦးနဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်း ၃၇၀၀ ကျော်၊ ဧရာဝတီတိုင်းက ၃၂၀၀ ကျော်၊ ပဲခူးတိုင်းက ၂၅၀၀ ကျော်၊ ရန်ကုန်တိုင်းက ၂၂၀၀ ကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။

ထူးခြားမှုအနေနဲ့ ကယားပြည်နယ်(ကရင်နီ)မှာတော့ စစ်ကောင်စီဘက်က တစ်ဦးတစ်ယောက်မျှ စစ်သားစုဆောင်းနိုင်ခဲ့တာ မရှိသလို ချင်းပြည်နယ်မှာလည်း ခြောက်ဦးသာ စစ်သားစုဆောင်နိုင်ခဲ့ပါတယ်။

နိုင်ငံအနှံ့ တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ တပ်သားလိုအပ်ချက်ကို ပြန်လည်ဖြည့် ဆည်းဖို့အတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းဥပဒေတွေနဲ့ လူငယ်တွေကို အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အပတ်စဉ် ၈ အထိ သင်တန်းဖွင့်လှစ်ထားပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ အချက်အလက်တွေအရ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၃ အထိ သင်တန်းဆင်းထားတဲ့ စစ်မှုထမ်းတပ်သား ၁၃၀၀၀ ကျော် ရှေ့ တန်းပို့ ဆောင်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.