ကော့ကရိတ်၊ ဇန်နဝါရီ ၂

စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းဟာ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နေ့စဉ်နဲ့အမျှ ထိခိုက်သေဆုံးမှုတွေရှိနေပြီး ရိက္ခာတွေလည်း ပြတ်လပ်နေတယ်လို့ KNU တပ်မဟာ ၆ က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာလည်း KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက တပ်သားတချို့ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့သလို လက်နက်ခဲယမ်းတချို့လည်း ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းရဲ့ လက်ရှိအခြေအနေဟာ ရှေ့ဆက်တိုးလို့မရတော့သ လို နောက်ပြန်ဆုတ်လို့လည်းမရတော့ဘဲ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးဘေးတောင်ကြောမှာသာ ပိတ်မိနေကြကာ လက်နက်ခဲယမ်းတွေ လျော့နည်းလာပြီး ရိက္ခာတွေလည်း ပြတ်လပ်နေကြတယ်လို့ KNU တပ်မဟာ ၆ က ဆိုထားပါတယ်။

အောင်ဇေယျစစ်ကြောင်းက စစ်သည်တချို့ကလည်း အာဏာနဲ့ ညွှန်ကြားလာတဲ့ အထက်အမိန့်ကို မလိုက်နာတော့ဘဲ အလံဖြူထောင်ကာ တော်လှန်ရေးပူးပေါင်းအဖွဲ့ထံ အများအပြားအလင်းဝင်လာနေကြပြီး နေ့စဉ်နဲ့အမျှ ထွက်ပြေးလာကာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ လာရောက်ပူးပေါင်းခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်မှာရှိတဲ့ နှစ်ပေါင်းများစွာ ရာဇဝင်တွင်လာခဲ့တဲ့ စစ်ကောင်စီရဲ့ အဓိကျတဲ့ အနန်းကွင်းဗျူဟာစခန်းဟာလည်း KNLA တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နေ့စဉ်နဲ့အမျှ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေရှိနေပြီး စခန်းအတွင်းရှိ ရိက္ခာတွေလည်း လျော့နည်းလာတယ်လို့ ထုတ်ပြန်ထားပါတယ်။

အနန်းကွင်းစစ်ဗျူဟာစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေကလည်း အနန်းကွင်းဗျူဟာစခန်းကို မရောက်နိုင်ကြဘဲ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဖြတ်တောက်တိုက် ခိုက်မှုကိုခံနေရပြီး အများအပြား ထိခိုက်သေဆုံးဒဏ်ရာရခဲ့ကြသလို အနန်းကွင်းစခန်းက စစ်ကောင်စီတပ်ဖွဲ့တချို့လည်း အထက်အမိန့်ကိုဖီဆန်ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့ထံ လာရောက်ပူးပေါင်းတာတွေ ရှိနေတယ်လို့ KNU တပ်မဟာ ၆ က ဆိုပါတယ်။

KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်နယ်မြေမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းနဲ့ တပ်စခန်းတွေကိုလည်း KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နေရာအနှံ့ကနေ နေ့စဉ်နဲ့အမျှ ပိတ်ဆို့တိုက်ခိုက်လျက်ရှိနေပြီး ရန်သူစစ်ကောင်စီကို ခြွေစစ်စနစ်နဲ့ အမြစ်ပြတ်တဲ့အထိ ဖော်ဆောင်လျက်ရှိတယ်လို့ KNU တပ်မဟာ ၆ က အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.