ကျိုက်ထို၊ ဇန်နဝါရီ ၂

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လက်ပံပင်ကျေးရွာအနီး သုသာန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ဇန်နဝါရီ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တပ်အင်အား ၄၀ ကျော်နဲ့ တပ်စွဲထားတဲ့ လက်ပံပင်သုသာန်ဂိတ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးလေးလုံးချပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရရှိခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုကို သတင်းပေးတွေကြောင့် အတည်ပြုနိုင်ခဲ့တယ်လို့ KRF ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒရုန်းလမ်းရာ လမ်းကြောင်းကို အဆက်မပြတ် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ထိခိုက်ပျက်စီးတာ မရှိဘူးလို့ ဆိုပါတယ်။

လက်ပံပင်သုသာန်ဂိတ်စခန်းဟာ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးတည်ရှိပြီး စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ စတင်ဂိတ်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဂိတ်စခန်းဟာ ကုန်တင်ကားတွေအပါအဝင် ခရီးသွားကားတွေထံကနေ ငွေကြေးအဆမတန် ကောက်ခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီရဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.