ဘားအံ၊ ဒီဇင်ဘာ ၃၁

လူမျိုးကြီးဝါဒီ အာဏာရှင်တွေအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ရိုးသားစွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက စစ်မှန်တဲ့ ပြည်တွင်ငြိမ်းချမ်းရေး ဖြစ်လာမှာမဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့က ကျရောက်တဲ့ ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ မိန်းခွန့်မှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက အခုလိုပဲထည့်သွင်းပြောကြားခဲ့တာပါ။

နိုင်ငံကို အုပ်ချုပ်သူအစိုးရအဆက်ဆက်ဟာ အမျိုးသားတန်းတူရေးကို အသိအမှတ်မပြုဘဲ ဖိနှိပ်အုပ်ချုပ်မှု၊ တရားမျှတမှုမရှိတာတွေကြောင့် လူမျိုးတစ်မျိုးနဲ့ တစ်မျိုးတို့အကြား၊ ပြည်သူနဲ့ အုပ် ချုပ်သူအစိုးရအကြားတွေမှာ ပဋိပက္ခနဲ့ အဓိကရုဏ်းတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ သူကဆိုပါတယ်။

ပဋိပက္ခတွေကို နိုင်ငံအုပ်ချုပ်သူတွေက တရားတဲ့နည်းလမ်းတွေနဲ့ မဖြေရှင်းပေးခဲ့ကြတဲ့အပြင် လက်နက်အားကိုးနဲ့ အင်အားနည်းသူတွေကို ဖိနှိပ်ခြယ်လှယ်ချေမှုန်းလာတဲ့အတွက် ကရင်လူမျိုးတို့ရဲ့ အမျိုးသားရေး ရုန်းကန်လှုပ်ရှားမှုတွေဟာ လက်နက်ကိုင်တော်လှန်ရေး အသွင်သဏ္ဌာန်အဖြစ် ပြောင်းလဲလာတာဟာ ၁၉၄၉ ခုနှစ်ကနေ ဒီကနေ့အထိပင်ဖြစ်တယ်လို့ KNU ဥက္ကဌက ဆိုပါတယ်။

ပြည်တွင်းပဋိပက္ခနဲ့ လူမျိုးရေးပြဿနာတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းတာကို ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးခြင်းနဲ့ အဖြေရှာညှိနှိုင်းသွားကြဖို့ တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ က ရင်အမျိုးသားအစည်းအရုံး KNU က အမြဲတစေ တင်ပြတောင်းဆိုခဲ့တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ထည့်သွင်းပြောဆိုထားပါတယ်။

ဒါပေမယ့် အုပ်ချုပ်သူ လူမျိုးကြီးဝါဒီ အာဏာရှင်တွေဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆန္ဒသဘောထား မရှိခဲ့ကြဘူးလို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

KNU အနေနဲ့ ဒီကနေ့ခေတ် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် တခုထဲသာမက နိုင်ငံအတွင်းရှိ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ရဲ့ အသွင်သဏ္ဍာန်အမျိုးမျိုးကို အပြီးတိုင်လုံးဝချုပ်ငြိမ်းပျက် သုဉ်းသွားတဲ့အတွက် တိုက်ဖျက်သွားဖို့ မျှော်မှန်းထားသလို တော်လှန်ရေးလှုပ်ရှားမှုတွေမှာ အတူ တကွတိုက်ပွဲဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် ပေးပို့တဲ့သဝဏ်လွှာထဲမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေး နွေးမှုတွေအတွက် အစဉ်အမြဲဖိတ်ခေါ်ကြိုဆိုတံခါးဖွင့်ထားပြီး ရှေ့ဆက်ပြီးတော့လည်း ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမယ်လို့ ထည့်သွင်းပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.