ကျိုက်ထို၊ ဒီဇင်ဘာ ၃၀

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာမှာ တာဝါတိုင်စောင့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် သုံးဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ အင်အား ခြောက်ဦးရှိတဲ့ တာဝါတိုင်စောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စကားများ ရန်ဖြစ်ရာကနေ အချင်းချင်း အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

“သူတို့ အချင်းချင်း ပစ်ကြတာ။ ဘယ်ကစပြီး ဘယ်လိုဖြစ်လဲတော့ မသိဘူး။ ပစ်ပြီး ထွက်ပြေးသွားတဲ့ တပ်သားတစ်ဦးကိုတော့ တပ်က လိုက်ဖမ်းနေပြီ။ အခုထိတော့ မတွေ့သေးဘူး” လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပစ်ခတ်မှု စတင်ခဲ့တယ်ဆိုတဲ့ စစ်ကောင်စီတပ်သား တစ်ဦးကတော့ လက်နက်ခဲယမ်းတွေနဲ့အတူ ထွက်ပြေးသွားတာပါ။

ပစ်ခတ်မှုဖြစ်ပြီးနောက် ညနေ ၁၀ နာရီအချိန်ခန့်မှာ လက်နက်ကိုင်ဆောင်လာတဲ့ အမျိုးသား တစ်ဦးဟာ ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာက နေအိမ်တချို့ကို ဝင်စီးပြီးနောက် ငွေကြေးတချို့ ယူဆောင်သွားကာ လူတွေကိုတော့ ဘာမှမလုပ်သွားဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကတော့ လက်နက်ကိုင်ဆောင်လာတဲ့ အမျိုးသားဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ပြောဆိုတာတွေ ရှိနေပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က ကား ၅ စီးဟာ ကျိုက္ကသာကျေးရွာအနီး ပတ်ဝန်းကျင်မှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားကို လိုက်လံရှာဖွေနေတာပါ။

စစ်ကောင်စီတပ်က ကျေးရွာအနီးပတ်ဝန်းကျင်မှာ လိုက်လံရှာဖွေနေတဲ့ ကျိုက္ကသာကျေးရွာခံအမျိုးသားတွေဟာ ပေါ်တာဆွဲခံရမှာ စိုးရိမ်တာကြောင့် တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.