ဆိုးလ် ဒီဇင်ဘာ ၂၉

တောင်ကိုရီးယားနိုင်ငံရှိ မူအန်းနိုင်ငံတကာလေဆိပ်မှာ ဒီဇင်ဘာ ၂၉ ရက်နေ့က လေယာဉ်တစ်စီးဟာ ပြေးလမ်းပေါ်မှာ ပေါက်ကွဲပြီး နံရံနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်အတွင်း အနည်းဆုံး လူ ၄၇ ဦးသေဆုံးထားကြောင်း ယွန်ဟက်သတင်းဌာနက ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ကနေ ခရီးသည် ၁၇၅ ဦးနဲ့ ယာဉ်အမှုထမ်း ၆ ဦးကို တင်ဆောင်လာတဲ့ Jeju Air လေကြောင်းလိုင်းက 7C2216 လေယာဉ်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းက လေဆိပ်မှာ ဆင်းသက်ဖို့ကြိုးစားရင်း အခုလို မတော်တဆမှု ဖြစ်ပွားခဲ့တယ်လို့ သတင်းမှာ ဆိုပါတယ်။

အခင်းဖြစ်ရာနေရာကနေ လူ နှစ််ဦးကို အသက်ရှင်လျက် တွေ့ရှိထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ မူအန်းမီးသတ်အရာရှိတစ်ဦးက ပြောပါတယ်။ ဒါပေမယ့် သေဆုံးသူ ၂၈ ဦးရှိတယ်ဆိုတဲ့သတင်းကိုတော့ မတည်မပြုခဲ့ပါဘူး။

တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကတော့ ယာဉ်ပေါ်ပါလာသူတွေထဲမှာ ထိုင်းနိုင်ငံသား နှစ်ဦး ပါဝင်တယ်လို့ ပြောဆိုထားပါတယ်။ အခုလိုပျက်ကျရတဲ့အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ အဲဒီဝန်ကြီးဌာနက ပြောပါတယ်။

လေယာဉ်အမြီးပိုင်းမှာရှိတဲ့ လူတွေကို ကယ်ဆယ်ဖို့ အာဏာပိုင်တွေလုပ်ဆောင်နေတယ်လို့ လေဆိပ်အရာရှိတစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒေသမီဒီယာတွေက ဖော်ပြတဲ့ ဗီဒီယိုတွေထဲမှာတော့ အင်ဂျင်နှစ်လုံးပါ အဲဒီလေယာဉ်ဟာ အဆင်းဘီးမချဘဲ ပြေးလမ်းပေါ်မှာ ဒရွတ်တိုက် ရွေ့လျားသွားခဲ့တဲ့ ပုံရိပ်တွေ၊ နံရံတစ်ခုနဲ့ ဝင်တိုက်ကာ မီးတောက်မီးလျံ ပေါက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။

လေကြောင်းထောက်လှမ်းရေးဝက်ဘ်ဆိုက် FlightRadar24 ရဲ့အဆိုအရ အဲဒီလေယာဉ်ဟာ ဘိုအင်း ၇၃၇-၈၀၀ အမျိုးအစားလေယာဉ် ဖြစ်ပုံရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်ကမှ တောင်ကိုရီးယား ယာယီသမ္မတဖြစ်လာတဲ့ ချွဲဆန်မော့ကတော့ ကယ်ဆယ်ရေးလုပ်ငန်းအားလုံး လုပ်ဆောင်ဖို့ အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.