မော်လမြိုင် ၊ ဒီဇင်ဘာ ၂၉

နှစ်တစ်နှစ်ရဲ့ အဆုံးသတ်ကို ရောက်ရှိလာခြင်းနဲ့အတူ စစ်ကောင်စီတပ်ရဲ့ ပြိုကျဆုတ်ယုတ်မှုကလည်း ပိုမိုဆိုးရွားလာတဲ့အခြေအနေမှာ လာမယ့်နှစ် မွန်ပြည်နယ်အတွင်း စစ်ရေးအပြောင်းအလဲတွေ မြင်တွေ့နိုင်ဖို့ အားလုံးက မျှော်လင့်နေကြပါတယ်။

တိုင်းရင်းသားဒေသတွေအတွင်း မြို့သိမ်းတိုက်ပွဲတွေ မြိုင်ဆိုင်နေချိန်မှာ စစ်ကောင်စီ နယ်မြေစိုးမိုးမှုအားကောင်းတဲ့ မွန်ပြည်နယ်မှာတော့ လာမယ့်နှစ် တိုက်ပွဲအရှိန်မြှင့်သွားမယ်လို့ ဒေသတွင်းတော် လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ သထုံခရိုင်တာဝန်ခံ ကိုအေးမင်းထွန်းက စစ်ရေးအရှိန်မြှင့်ဖို့ရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ မလိုအပ်ပဲခရီးမသွားဖို့နဲ့ စစ်ကောင်စီအနီးအနားမနေဖို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လာမယ့်နှစ်မှာ ကျွန်တော်တို့စစ်ရေးအရှိန်က ဒီထက်မက ပိုမြှင့်ဖို့ပဲရှိတာပေါ့။ ပြည်သူတွေအနေနဲ့ ခရီးသွားလာတာကို ဖြစ်နိုင်ရင် အကြောင်းကိစ္စမရှိဘဲ မသွားဖို့မလိုအပ်ဘဲ ခရီးမသွားဖို့။ ပြီးတော့ စစ်ကောင်စီယာဉ်တန်းတွေနဲ့ ကပ်မလိုက်ဖို့ရယ်၊ စစ်ကောင်စီတပ်တွေ ဝန်ထမ်းဆိုင်ရာတွေနဲ့ ကပ်မနေဖို့ ကျွန်တော်တို့ ပြည်သူတွေကို မေတ္တာရပ်ခံချင်ပါတယ်”လို့ ဆိုပါတယ်။

မြို့နယ် ၁၀ ခုရှိတဲ့ မွန်ပြည်နယ်မှာသထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ကျိုက်မရော၊ မုဒုံတောင်ပိုင်း၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ဒေသတွေပါ။

အဲဒီဒေသတွင်းက စစ်ကောင်စီ နယ်မြေရဲစခန်းတချို့နဲ့ စစ်ဆေးရေးဂိတ်တွေကို ဝင်ရောက်တိုက် ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာနဲ့ စစ်ကြောင်းထိုးလာရင်တော့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတွေ ရှိပါတယ်။

ဒါပေမယ့် အာဏာသိမ်းမှု လေးနှစ်နီးပါးအတွင်း အခြားတိုင်းရင်းသားဒေသတွေလိုမျိုး အထူးသ ဖြင့် ရခိုင်ပြည်လို စစ်ကောင်စီတပ်စခန်းတွေ ဌာနချုပ်တွေကို အပြီးသတ်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နိုင်တဲ့အဆင့်ထိ မရောက်ရှိသေးပါဘူး။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ပြောခွင့်ရ နိုင်ကောင်းစကားက ရခိုင်ဖြစ်စဉ်ကိုကြည့်ပြီး အတတ်နိုင်ဆုံး တော်လှန်ရေးကို အရှိန်မြှင့်တိုက်ပွဲဝင်သွားမယ်လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“ကျွန်တော်တို့က အတတ်နိုင်ဆုံး တော်လှန်ရေးကို အရှိန်မြှင့်ပြီး တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ချက် ချပြီးသားဖြစ်ပါတယ်။ ရခိုင်ပြည်ရဲ့ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့မှာလည်း စိတ်ဓာတ်တွေ ပိုခိုင်မြဲလာပြီး ပိုပြီးတော့စုစည်းဖို့ ခွန်အားဖြစ်စေတယ်လို့ မြင်ပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။

တပ်တွင်းတပ်ပြင် စည်းလုံးညီညွတ်ဖို့ ထပ်တလဲလဲ သတိပေးနေရတဲ့ စစ်ကောင်စီက အခုနှစ်အ တွင်း ရှမ်းမြောက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ရခိုင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို လက်လွှတ်ထားရတာပါ။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှုအတွင်း စစ်ကောင်စီ စိုးမိုးနယ်မြေထဲက မြို့ပေါင်း ၉၀ လောက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားပါတယ်။

ဒါဟာ ကချင်၊ချင်း၊ရှမ်းမြောက်နဲ့ရခိုင်စတဲ့ တိုင်းရင်းသားဒေသတွေရဲ့ စစ်ရေးအောင်မြင်မှုရလဒ် အများဆုံးရ ရှိခဲ့တာဖြစ်ပြီး အခုနှစ်အတွင်းမှာတင် မြို့ပေါင်း ၆၀ အထိ စစ်ကောင်စီက စံချိန်တင် ဆုံးရှုံးခဲ့တာပါ။

မွန်ပြည်နယ်မှာတော့ အခုနှစ်မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဂျိုင်းမြစ်ဝှမ်းဒေသတွင်း စခန်းသိမ်း တိုက်ပွဲ ပြင်းထန်ခဲ့ပေမယ့် နယ်မြေထိန်းချုပ်နိုင်ခြင်းမရှိခဲ့တဲ့အတွက် စစ်ရေးအခြေအနေ တိုးတက်ပြောင်းလဲတာ မရှိခဲ့ပါဘူး။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက တော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ စစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချနိုင်ဖို့၊ ကြုံသလို တိုက်သွားဖို့ ရှိပေမယ့် အခြားပြည်နယ်တွေလို စခန်းသိမ်းနိုင်ဖို့ အခက်ခဲတွေအများကြီးရှိတယ်လို့ ပြောပါတယ်။

“စစ်‌ကောင်စီကို အမြန်ဆုံးဖြုတ်ချနိုင်ဖို့ သူတို့ရဲ့ တပ်ရင်းတွေ အခြေစိုက်တွေ စစ်ကြောင်းတွေကို ကြုံရင်ကြုံသလို တိုက်သွားဖို့ပဲရှိတယ်။ စစ်ရေးကို မြန်မြန်ဖော်ဆောင်နိုင်ဖို့ပဲလိုတာပေါ့။ အခြားသောဒေသ အခြားသော ပြည်နယ်တိုင်းတွေမှာလို စခန်းသိမ်းမြို့သိမ်းတွေ လုပ်နိုင်ဖို့က အခက်အခဲတွေ အများကြီးရှိတယ် မွန်ပြည်နယ်မှာ။ အခြေအနေကြောင်းကြောင့်တွေက ကျွန်တော်တို့မကျော် လွှားနိုင်သေးဘူး။ ကျွန်တော်တို့ကို ထောက်ပံ့ပေးမယ့် အဖွဲ့ကြီးတွေမရှိသေးဘူး။ ပြည်သူတွေရဲ့ ထောက်ပံ့မှုတွေက တိုက်ပွဲကြီးတွေ ဖော်ဆောင်နိုင်ဖို့ မပြည့်စုံသေးဘူး”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုကြောင့် မွန်ပြည်နယ်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၃၀ ထက်မနည်း ပေါ် ပေါက်လာတဲ့ထဲက မွန်လက်နက်ကိုင်တပ်ဖွဲ့ တွေကတော့မတူညီတဲ့ကာလတွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တည်ထောင်ခဲ့ကြတာပါ။

အဲဒီထဲမှာ မွန်ပြည်ကာကွယ်ရေးတပ် MSDF၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်လွတ် မြောက်ရေးတပ်တော် MLA တို့ဟာ အာဏာသိမ်းမှုအစောပိုင်းနဲ့ နှောင်းပိုင်းကာလတွေမှာ ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။

သက်တမ်းရင့်မိခင်ပါတီကနေ ခွဲထွက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ကတော့ အခုနှစ်ဖေဖော်ဝါရီကျမှသာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ လက်နက်ကိုင်တော် လှန်ရေးထဲ ပါဝင်လာခဲ့တာပါ။

ဒေသတွင်း စစ်ရေး၊နိုင်ငံရေးအခြေအနေကို လေ့လာနေသူတစ်ဦးက အခုနှစ်အတွင်း မွန်ပြည်နယ်တော်လှန်ရေးဟာ ထူးထူးခြားခြား ပြောင်းလဲသွားတာ မတွေ့ရတဲ့အတွက် ဘာရလဒ်မှ မထွက်ခဲ့ဘူးလို့ သုံးသပ်ပါတယ်။

လက်ရှိမှာတော့ မွန်လက်နက်ကိုင်တော်လှန်‌ရေးတပ်ဖွဲ့ ၄ ဖွဲ့ဟာ မိမိတို့ရဲ့ သက်ဆိုင်ရာလှုပ်ရှားနယ် မြေတွေကိုကျော်ပြီး တစ်သံတစ်မိန့်တည်း အတူတကွ ပူးပေါင်းတိုက်ပွဲဝင်နိုင်ဖို့ သဘောတူညီချက် ရရှိထားကြတာပါ။

မွန်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အ ထည်ဖော်ဖို့ ပထမအဆင့်အနေနဲ့ စစ်ရေးပူးတွဲဖော်ဆောင်ဖို့ ဒီဇင်ဘာ တတိယပတ်အတွင်း သက် ဆိုင်ရာအဖွဲ့တွေ သဘောတူညီခဲ့ကြပါတယ်။

မွန်တော်လှန်ရေးမှာ နိုင်ငံရေးအရရော စစ်ရေးအရပါ ပါဝင်နေတဲ့ မွန်ပြည်ဖက်ဒရယ်‌ကောင်စီ MSFC ပြောခွင့်ရ နိုင်မွန်စိုင်းက လာမယ့်နှစ်မှာ စနစ်တကျတိုက်ပွဲတွေ ဖော်ထုတ်ဖို့ စီစဉ်ထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ မွန်ဘက်ကတော့ အဓိကမွန်လူမျိုးတွေ ဦးဆောင်တဲ့ တော်လှန်ရေးတပ် ၄ တပ်ပေါ့။ အခုဆိုရင် ကျွန်တော်တို့ စတင်စုစည်းမိပြီဖြစ်တယ်။ ဒါကြောင့် လာမယ့် ၂၀၂၅ မှာတော့ စနစ်တ ကျနဲ့ တိုက်ပွဲအရှိန်တွေ ဖော်ထုတ်နိုင်မယ်လို့ ကျွန်တော်တို့ စီစဉ်ထားတာ ရှိပါတယ်” လို့ ဆိုပါတယ်။

စစ်ရေးလှုပ်ရှားဖို့ ပူးပေါင်းထားတဲ့ မွန်လက်နက်ကိုင်တပ် ၄ တပ်ရဲ့ သက်ဆိုင်ရာဒေသအပြင် မွန် ပြည်နယ်နဲ့ ဆက်စပ်တဲ့ဒေသတွေမှာ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ပူးတွဲလုပ်ဆောင်သွားမယ့်သဘောလို့ အဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောထားတာပါ။

မွန်စစ်ရေး၊ နိုင်ငံရေးအကဲခတ်တစ်ဦးကတော့ မွန်လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းလာကြတဲ့အပေါ် တော်လှန်ရေးရဲ့ အနှစ်သာရဟာ မဟာမိတ်ဖွဲ့စည်းရုံမဟုတ်ဘဲ တကယ်တိုက်ရင် စစ်ရေးရလဒ်တွေ အဆုံးအဖြတ်ပေးနိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.