ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၇
မလေးရှားအစိုးရရဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို သူတို့မိခင်နိုင်ငံတွေဆီ ပြန်လည်ပို့ဆောင်ရေး စီမံချက်ကြောင့် အခု ဒီဇင်ဘာလအတွင်း နိုင်ငံတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူ ၁၀၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ မြန်မာအလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကို ၁၄ ရက်အတွင်း ရုံးတင်ပြီး ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိပြီးတာနဲ့ ထောင်ဒဏ် လေးလ ချမှတ်ခံရလေ့ရှိကြောင်း မလေးရှားရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး အထူး ကျွမ်းကျင်သူ ကိုမင်းထိုက်က ပြောကြားထားပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/12/Screenshot-2024-12-27-134318.png?resize=640%2C366&ssl=1)
အထောက်အထား စာရွက်စာတမ်း မရှိတဲ့ နိုင်ငံခြားသားတွေကို မလေးရှား အရာရှိတွေရဲ့ နောက်ဆုံး နှိမ်နှင်းမှု အောက်တိုဘာကတည်းက စတင်ခဲ့ပြီး ဂျဟိုးနဲ့ ဆလန်းဂေါ ပြည်နယ်တို့မှာ စတင် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီပြည်နယ်တွေဟာ မြို့တော် ကွာလာလမ်ပူနဲ့ အစိုးရ ရုံးစိုက်ရာ ပူထရာဂျာယာ တို့ကို ပတ်ဝိုင်းထားတဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။
အဲဒီ ပြည်နယ် နှစ်ခုမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် အလုပ်လုပ်နေသူ ဒါမှမဟုတ် ဒုက္ခသည်အဖြစ်နဲ့ ခိုလှုံခွင့် ရရှိရေး ကြိုးပမ်းနေတဲ့ မြန်မာ နိုင်ငံသား အများစု နေထိုင်တဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/12/Screenshot-2024-12-27-134304.png?resize=640%2C426&ssl=1)
ဖမ်းဆီးခံရသူတွေအနေနဲ့ ထောင်ဒဏ် ပြည့်ပြီးရင် လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စင်တာတွေဆီ လွှဲပြောင်းခံရမှာ ဖြစ်ပြီး အဲဒီစင်တာတွေမှာ မြန်မာအရာရှိတွေက မှတ်တမ်းတင်ရေး လုပ်ငန်းစဉ်ကို ကိုင်တွယ်မှာ ဖြစ်ပါတယ်။
မှတ်ပုံတင်ပြီးတာနဲ့ နေရပ်ပြန်ဖို့ စီစဉ်ထားသူတွေအနေနဲ့ သူတို့ရဲ့ အပြန်ခရီးအတွက် လေယာဉ်လက်မှတ် ကိုယ်တိုင် စီစဉ်ရမှာ ဖြစ်ပါတယ်။
လေယာဉ် လက်မှတ်တွေ ရရှိထားကြောင်း အတည်ပြုပြီးတော့မှ သူတို့ မြန်မာနိုင်ငံကို ပြန်သွားဖို့ သံရုံးက ခွင့်ပြုမှာ ဖြစ်ပါတယ်။
အထောက်အထား စာရွက်စာတမ်း မရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ ၁၀ လအတွင်း မလေးရှားက ထွက်သွားကြဖို့ ညွှန်ကြားချက်ဟာ လာမယ့် သီတင်းပတ်အတွင်း သက်တမ်း ကုန်တော့မယ့်အချိန်မှာ မလေးရှား အရာရှိတွေက အခုလိုမျိုး ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
မလေးရှားရဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ နေရပ် ပြန်လည် ပို့ဆောင်ရေး စီမံကိန်းအရ အထောက်အထား မရှိတဲ့ နိုင်ငံခြားသား အားလုံးဟာ ဖမ်းဆီးခံရတာ ဒါမှမဟုတ် ပြစ်ဒဏ်ခံရတာမျိုး မရှိဘဲ လူဝင်မှု ကြီးကြပ်ရေး ဌာနသို့ ကိုယ်တိုင်လာရောက် သတင်းပို့ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့အနေနဲ့ ဒဏ်ငွေဆောင်ရမှာ ဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင် နိုင်ငံတွင်းက ထွက်ခွာရေး လိုအပ်တာတွေ အားလုံး ရှိကြောင်း သက်သေပြရမှာ ဖြစ်ပါတယ်။
Ref:DVB